
BHP47 - Solo
We all have stories – the stories that we’ve created about who we are, what we are. Whether we fit in or we don’t. Our life is one big story that we’ve created. And it’s up to you to choose what stories about yourself you’d believe in.
Sometimes, it’s about taking a small courageous step forward to own your uniqueness. Own it and know that you’ve got something to give. Your uniqueness, the way you walk, talk, and treat others, you unknowingly create an impact and change the lives of so many people around you.
If you feel like you need to dull your own sparkle because of your uniqueness, then this episode is for you!
ပြောရမယ်ဆိုရင် ကျွန်မက တော်တော်ရိုးတယ်။ ငယ်ငယ်တုန်းက ပိုဆိုးတာပေါ့။ ကိစ္စအတော်များများမှာ ဘာမှကိုမသိဘဲ ရိုးတာ။ ပြီးတော့ တစ်ခုဆိုတစ်ခုပဲ မြင်တော့တယ်။ ရည်မှန်းချက်ကြီးတာကတော့ အရင်ကရော၊ အခုရော တူတူပါပဲ။ ပြီးတော့ မျှော်မှန်းထားတာ တစ်ခုခုရှိလို့ အဲဒါကို အာရုံစိုက်ပြီး လုပ်ပြီဆိုရင် အဲဒီတစ်ခုအပေါ်မှာပဲ အာရုံအပြည့်စိုက်ထားလိုက်တော့တာ။
ကောင်းတာကတော့ ဘေးပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲဆိုတာ သတိမထားမိတော့ဘူး။ ကိုယ်က ဒီတစ်ခုအပေါ် အရမ်းအာရုံစိုက်နေတုန်း ဘေးမှာဖြစ်ပျက်နေတာတွေလည်း အများကြီးရှိနိုင်တာပဲလေ။ ကိုယ့်ကိုလူတွေအထင်သေးတာ၊ အလေးအနက်မထားတာတွေကိုလည်း သတိမထားမိတော့ဘူး။ ဒါပေမဲ့ လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဖက်အမျိုးသားတွေနဲ့ယှဉ်လိုက်ရင် ငါ့ကို အလေးအနက်မထားပါလားလို့ သတိထားမိသွားတဲ့ အချိန်မျိုးတွေလည်း ရှိခဲ့တယ်။ Corporate လောကမှာ အလုပ်လုပ်တုန်းကပါ။
Corporate လမ်းကြောင်းကနေ ၂၀၁၄ မှာ ထွက်လာပြီးတော့ အဲဒီကတည်းက စွန့်ဦးတီထွင်တဲ့ အလုပ်တွေပဲ လုပ်ဖြစ်တော့တယ်။ အရင်တုန်းက ရှိခဲ့တဲ့ အဲဒီလိုပြဿနာတွေ အခုချိန်မှာ မရှိတော့ဘူးပေါ့လေ။ တစ်ခါတုန်းကဆို ကုန်သွယ်ရေးလုပ်ငန်းတစ်ခုရဲ့ ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာ လုပ်ရပြီး လုပ်ငန်းခွင်မှာ အမျိုးသားတွေပဲ ကြီးစိုးထားတာ။ အဲဒါပြီးတော့ ရေနံနဲ့ဓာတ်ငွေ့ကုမ္ပဏီမှာ လုပ်တယ်၊ ပြီးတော့ သတ္ထုတူးဖော်ရေးမှာလည်း ဝင်လုပ်လိုက်သေးတယ်။ အဲဒီအလုပ်တွေအကုန်လုံးမှာ ကြီးစိုးထားတာ အမျိုးသားတွေချည်းပဲ။ ကျွန်မအတွက် ပြဿနာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အလုပ်မှာ လုပ်ဖော်ကိုင်ဖက် အမျိုးသားတွေကိုပဲ အလေးအနက်ထားဆက်ဆံကြတာ ပိုများတယ်ဆိုတာ သဘောပေါက်လာတယ်။ ရာထူးတိုးတာမျိုးဆိုရင်လည်း ကျွန်မထက် အများကြီးအရင်စောပြီး တိုးပေးခံရတယ်။ အဲဒီအချိန်က ကျွန်မက ပစ္စပ္ပုန်က ကျွန်မလိုမျိုး သိမြင်နားလည်တာတွေ မရှိသေးဘူးဆိုတော့လည်း အမျိုးသားတစ်ယောက်လို ဝတ်စားပြုမူရမယ်၊ လုပ်ကိုင်ရမယ်လို့ တွေးခဲ့မိတာပေါ့။ ဒီတော့ လိုက်လုပ်တယ်။ အလုပ်က အမျိုးသားတွေ အရက်ထွက်သောက်ကြပြီဆိုရင်တောင် လိုက်သွားပြီးသောက်လိုက်သေးတာ။
အဲဒါမှပဲ သူတို့နဲ့ဝင်ဆံ့မယ်လို့ တွေးခဲ့တာကိုး။ တကယ်လည်း ဝင်ဆံ့ခဲ့ပါတယ်၊ သူတို့ရဲ့စကားဝိုင်းတွေမှာ ဝင်ပြောနိုင်လာတယ်။ သူတို့နဲ့ သူငယ်ချင်းတွေဖြစ်ပြီး အဖွဲ့ကျသွားတာပေါ့။ အဲဒီလိုမိတ်ဖွဲ့ပြီးနောက်မှာ ကျွန်မရဲ့ career အတွက်တော့ ပိုအဆင်ပြေလာပါတယ်၊ ဒါပေမဲ့ ပြဿနာက ကျန်းမာရေးထိခိုက်လာတာပဲ။ အလေးအနက်ထားပြီးဆက်ဆံတာ မခံရမှာစိုးလို့ အဝတ်အစားတောင်မှပဲ မိန်းကလေးဆန်ဆန် မဝတ်စားဘဲ ဘောင်းဘီတွေ၊ ဂျာကင်တွေပဲ ဝတ်ခဲ့တာ။ နောက်တော့မှ ဒါက ငါ့အတွက် အလုပ်လေးတစ်ခုပဲလေ၊ အဲလောက်ထိ လိုက်လုပ်စရာမလိုပါဘူးလို့ သဘောပေါက်လာတယ်။ အခုချိန် ကျွန်မရဲ့ နေ့စဉ်ဘဝ၊ အပြောအဆို၊ လမ်းညွှန်သင်ပြမှုအားလုံးရဲ့ အခြေခံကတော့ အဲဒါပဲ။ အဲဒါလေးကို နားလည်နိုင်ဖို့ ကျွန်မမှာ နှစ်တွေအများကြီး ရင်းနှီးခဲ့ရတာ။ ဒီတော့ ထပ်ပြောပါရစေ၊ ကျွန်မ အခုပြောတာကို သဘောတူတဲ့လူ၊ သဘောမတူတဲ့လူ ရှိမယ်။ ဒါပေမဲ့ အဲဒါ ကျွန်မရဲ့ ကိုယ်တွေ့အတွေ့အကြုံပဲ။
ဘာကိုနားလည်သွားလဲဆိုတော့ ကိုယ့်ယုံကြည်ချက်ကို တကယ်ပြောင်းလဲလိုက်တဲ့အခါ ဘာဖြစ်လဲဆိုတာပဲ။ ဓလေ့ဆိုပြီးတော့ ကျွန်မတို့ကို ဘောင်ခတ်ထားတာတွေ အများကြီးရှိတယ်။ ကျွန်မ လက်ဆင့်ကမ်း သင်ယူခဲ့တဲ့ ယုံကြည်ချက်တွေဆိုတာလည်း အများကြီးပဲ။ ကျွန်မအရှေ့မှာ ဒီလုပ်ငန်းခွင်တွေထဲ ကျင်လည်ခဲ့ကြတဲ့ အမျိုးသမီးတွေရဲ့ အတွေ့အကြုံတွေကနေ သင်ယူခဲ့မိတာပေါ့။ သူတို့ရဲ့ အဲဒီ ယုံကြည်ချက်တွေကို ဘာမှမေးခွန်းမထုတ်ဘဲ ကျွန်မရဲ့ မသိစိတ်ကရော၊ သိစိတ်ကရော ဒါဟာ ငါ့ဘဝရဲ့ အမှန်တရားပဲလို့ သတ်မှတ်ပြီး လက်ခံခဲ့လိုက်တာ။ အပြင်မှာလည်း ကျွန်မ လက်ခံယုံကြည်ထားတဲ့အတိုင်း တကယ်ဖြစ်နေတာကိုး။ အခုအလုပ်ကို တကယ်စလုပ်မိတော့ ဒီအကြောင်း သင်ပြပေး၊ ပြောပြပေးရတာ တကယ်ကံကောင်းတယ်လို့ ခံစားရပါတယ်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ့ယုံကြည်ချက်က ဘာလဲ”
“ငါ့ရဲ့ energy က ဘာလဲ”
“ငါလက်ခံထားတဲ့အမြင်က ဘာလဲ”
ကျွန်မကတော့ ဒါ ငါဖြတ်သန်းရမယ့် ဘဝပဲလို့ ယုံကြည်လက်ခံခဲ့မိတာပဲ။ ငါက အင်္ဂလိပ်စကားပြောပြီး ကြီးလာတာမဟုတ်တဲ့ လူကောင်သေးသေး အာရှသူဆိုတော့ ငါ့ကို ဒီလိုပဲဆက်ဆံကြမှာ၊ ဒီလိုပဲ မြင်ကြမှာပေါ့ လို့ လက်ခံထားခဲ့မိတာ။
အဲဒီအမြင်ကို စပြီးပြောင်းလဲလိုက်တော့ ကျွန်မကို လူတွေဆက်ဆံတဲ့ပုံ၊ စကားပြောတဲ့ပုံတွေပါ လိုက်ပြီး ပြောင်းလဲသွားတာ မျက်မြင်စတွေ့ရတယ်။ ကျွန်မကို စပြီး အလေးအနက်ထား ဆက်ဆံလာကြတယ်။ ကိုယ့်ရဲ့ ယုံကြည်ချက်တွေ၊ energy တွေ၊ အမြင်တွေကိုပဲ ပြောင်းလဲလိုက်ရုံသက်သက်တော့ မဟုတ်ဘူးပေါ့။ သူများတွေနဲ့ ပြောဆိုဆက်ဆံရေးကိုလည်း ပိုကောင်းလာအောင် လုပ်ရတာပေါ့။ ခေါင်းဆောင်မှုစွမ်းရည်တို့ ဘာတို့တွေလည်း အပါအဝင်ပေါ့လေ။ ပထမဆုံးအကြိမ် ကြားလိုက်ကတည်းက ကျွန်မရဲ့ဘဝကို ပြောင်းလဲသွားစေခဲ့တဲ့ စကားတစ်ခွန်းရှိတယ်။ အခုနားထောင်နေကြတဲ့သူတွေလည်း ဒီစကားကို ကြားဖူးကြမှာပါ။ ဟင်နရီဖို့ဒ် ပြောခဲ့တဲ့စကားပေါ့။
“မင်း လုပ်နိုင်တယ်ပဲထင်ထင်၊ မလုပ်နိုင်ဘူးပဲထင်ထင် မှန်တယ်” တဲ့။
ဒီတော့ ကျွန်မက ဒါ ငါ့ယုံကြည်ချက်ဆိုရင် ငါ့အတွက် အမှန်တရားပဲလို့ ခံယူလိုက်တော့တယ်။
ငါ ယုံကြည်ချက်အသစ်တစ်ခုအတိုင်း စပြီး လက်ခံနေထိုင်ဖို့ ကြိုးစားကြည့်ရင်ရောလို့ တွေးလိုက်တယ်။ ကျွန်မရဲ့ စကားပြောပုံ၊ လမ်းလျှောက်ပုံ၊ တွေးမြင်ပုံ၊ ဝတ်စားပုံ၊ ဒါတွေအားလုံး လိုက်ပြီးပြောင်းလဲမှာလေ။ တကယ်လည်း ကျွန်မရဲ့ အရှိတရားကြီးတစ်ခုလုံး ပြောင်းလဲသွားခဲ့တာပဲ။ ကိုယ်က စီးပွားရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်နေတာပဲဖြစ်ဖြစ်၊ အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် အရေးမကြီးဘူး။ ကျွန်မအမြင်မှာတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်ဖြစ်တည်မှုအပေါ် သစ္စာမဖောက်ဘဲ ဘယ်လိုနေထိုင်ဖြတ်သန်းမလဲဆိုတာပဲ အရေးကြီးတာ။ ကိုယ်က လောကကြီးအတွက်ပေးစရာရှိတယ်လို့ သဘောထားပြီးသာ ကိုယ့်အမှန်တရားအတိုင်း နေထိုင်ရမှာ။ ဒီအချက်က ကျွန်မအတွက်ရော၊ ကျွန်မဆီက အကူအညီယူနေတဲ့သူတွေအတွက်ရော အရမ်းအရေးကြီးတယ်။
ကိုယ်က ဘယ်နေရာမှာပဲ ရောက်နေပါစေ၊ ဘေးပတ်ဝန်းကျင်က လူတွေအများကြီးရဲ့ ဘဝတွေကို ပြောင်းလဲပေးနေတာပဲဆိုတာ နက်နက်ရှိုင်းရှိုင်း ယုံကြည်ထားပါ။ စကားလေးတစ်ခွန်း ပြောပြီးပဲဖြစ်ဖြစ်၊ ပုခုံးလေးတစ်ချက်တို့ပြီးပဲ ဖြစ်ဖြစ်ပေါ့။ အကြောင်းကတော့ ကျွန်မတို့ လူသားတွေဆိုတာ အဲဒီလိုဖြစ်နေလို့ပဲ။ ကျွန်မတို့အားလုံးမှာ ကိုယ်ပိုင်ဖြစ်တည်မှုတွေရှိကြပြီး ဒီကမ္ဘာကြီးမှာ ရှင်သန်နေထိုင်နေကြတယ်ဆိုတာကိုက အံ့ဖွယ်ဖြစ်ရပ်တစ်ခုပဲ။ အဲဒါကို နားလည်လက်ခံပြီး ကိုယ့်ရဲ့ဖြစ်တည်မှုအတိုင်း ခိုင်ခိုင်မာမာ လျှောက်လှမ်း နေထိုင်နိုင်ပြီဆိုတာနဲ့ ကိုယ့်ရဲ့ ယဉ်ကျေးမှုနောက်ခံတွေ၊ အမျိုးသားလား အမျိုးသမီးလားဆိုတာတွေက အရေးမကြီးတော့ဘူး။ ဘဝကြီးတစ်ခုလုံး ပြောင်းလဲသွားတော့မှာ။ လူတိုင်းကို ကျွန်မပေးတဲ့ အကြံဉာဏ်ကတော့ အဲဒါပါပဲ။ ဒါကို ဘာလို့ပြောရလဲဆိုရင် လူတွေထောင်နဲ့ချီပြီး ကူညီခဲ့ပြီးတဲ့နောက်မှာ အဲဒီပြဿနာကို အခုထိ ရင်ဆိုင်နေကြရသေးတယ်ဆိုတာ သဘောပေါက်လာလို့ပဲ။
ကျွန်မတို့အားလုံးမှာ ဇာတ်လမ်းတွေရှိတယ်။ ကိုယ်က ဘယ်လိုလူပါ၊ ဘာတွေလုပ်တဲ့လူပါ၊ ပြီးတော့ လူ့အသိုင်းအဝိုင်းမှာ ဝင်ဆံ့တယ်၊ မဆံ့ဘူး ဆိုပြီး ကိုယ်တိုင်ဖန်တီးထားတဲ့ ကိုယ်တိုင်ရေးပုံပြင်တွေပေါ့။ ကျွန်မတို့ရဲ့ ဘဝဆိုတာ ကိုယ်တိုင်ဖန်တီးထားတဲ့ ဇာတ်လမ်းရှည်ကြီးတစ်ပုဒ်ပါပဲ။ ကျွန်မတို့အားလုံးမှာ ငါကတော့ဖြင့် ဘာနဲ့ထိုက်တန်တယ်ဆိုပြီး သတ်မှတ်ထားတဲ့ အဆင့်တစ်ခုရှိတတ်ကြတယ်။ အချိန်ယူပြီး မေ့ဖျောက်ပစ်ရမယ့် အစွဲတစ်ခုပေါ့လေ။ ကျွန်မရဲ့ client တစ်ယောက်အကြောင်း ဖြစ်ရပ်မှန်တစ်ခု ပြောပြချင်တယ်။ သူက တစ်ဘဝလုံး ချစ်ခြင်းမေတ္တာကို လိုက်ရှာနေခဲ့တာ။ စီးပွားရေးအရတော့ အရမ်းကိုအောင်မြင်တယ်၊ ပူပန်စရာကို မရှိဘူး။ ငွေအများကြီး ရှာနိုင်တယ်။ ကျွန်မအနေနဲ့ ကြည့်ပြီး အတုယူရတဲ့ အမျိုးသမီးပါပဲ။ စိတ်ကောင်းရှိကြင်နာတတ်ပြီး အရမ်းလည်းချမ်းသာတဲ့ အမျိုးသားတစ်ယောက်နဲ့ ဟိုတလောက သူ တွေ့တယ်။ ပြီးတော့ ကျွန်မဆီလာပြီး ဘာပြောလဲဆိုရင် –
“Arabelle ရေ၊ ငါ ဘာလုပ်ရမလဲ”
“သူ့ဘဝထဲမှာ ငါ ဘယ်လိုဝင်ဆံ့ရမလဲ”
“ငါက သူ့အတွက် ပြည့်စုံလုံလောက်ရဲ့လား”
“ငါ အဆင်ပြေပါ့မလား”
ပြီးတော့ ဘာဆက်မေးလဲဆိုရင် “သူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းက ငါ့ကို လက်ခံပါ့မလား” တဲ့။
ကျွန်မပြန်ပြောတာကတော့ ကိုယ်က သူ့အတွက် ပြည့်စုံလုံလောက်ပါ့မလားတို့၊ အဆင်ပြေပါ့မလားတို့ တွေးနေမယ့်အစား သူ့ကို ကိုယ်ဘာပေးနိုင်မလဲဆိုတာကို စဉ်းစားကြည့်ပြီးပြီလားပေါ့။ ဘာလို့လဲဆိုတော့ ကျင်လည်ခဲ့တဲ့ ပတ်ဝန်းကျင်ကမ္ဘာ၊ ယဉ်ကျေးမှု၊ နောက်ခံအသိုင်းအဝိုင်းတွေက လုံးဝကို ကွာခြားနေပြီး ဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေကလည်း နည်းနည်းမှ မတူဘူးလေ။ သူ့ရဲ့ အသိုင်းအဝိုင်းထဲကို ကိုယ်က ဘာပေးနိုင်မလဲဆိုတာ စဉ်းစားကြည့်ပြီးပြီလား။ သူနဲ့အတူတူရှိနေတဲ့အတွက် ဘေးကသူတွေရဲ့ ဘဝတွေ ဘယ်လိုပြောင်းလဲသွားစေနိုင်မလဲဆိုတာ စဉ်းစားကြည့်ပြီးပြီလားလို့ ပြန်ပြောလိုက်တယ်။ အဲဒီတော့မှ သူက “ဟာ၊ ဟုတ်သားပဲ။ အဲဒါကို လုံးဝမစဉ်းစားမိဘူး” ဆိုပြီး ဖြစ်သွားတာ။
ကျွန်မအတွက်ကတော့ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ ဘာသာစကားမတူလို့ စကားမပေါက်တာပဲဖြစ်ဖြစ်၊ gender ပြဿနာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ပေါ့လေ၊ ဘယ်လိုပဲမြင်လဲဆိုရင် ကိုယ့်ဇာတ်လမ်းကို ကိုယ်တိုင်ရေးပြီး ဒီနေရာမှာ ငါ ဘာတွေပြောင်းလဲပေးနိုင်မလဲလို့ အမြဲတမ်းစဉ်းစားဖို့ပဲ။ ငါ ဘာကူညီပေးနိုင်မလဲ၊ ဘာတွေ သင်ယူစရာရှိမလဲပေါ့။
ပတ်ဝန်းကျင်ဆိုတာ သိပ်ကိုအရေးကြီးပါတယ်။ ပတ်ဝန်းကျင်တစ်ခုခုမှာ ဝင်ဆံ့နိုင်ဖို့ မရှိမဖြစ်လိုတယ်လို့ ကျွန်မတို့ငယ်ဘဝကတည်းက သင်ပေးခံခဲ့ရပြီး ကြီးပြင်းလာကြတာ။ Career အတွက်၊ အိပ်မက်တွေ အကောင်အထည်ဖော်ဖို့အတွက်၊ မဟုတ်လည်း အကြောင်းတစ်ခုခုအတွက် လိုအပ်တယ်ပေါ့လေ။ ဒါပေမဲ့ ကျွန်မကတော့ လူဆိုတာ ကိုယ်ကျင်လည်မယ့်ပတ်ဝန်းကျင်ကို ကိုယ်တိုင်ရွေးချယ်ခွင့်ရှိတယ်လို့ လေးလေးနက်နက် ယုံကြည်တယ်။ ကိုယ်နဲ့ကိုက်ညီတဲ့ ပတ်ဝန်းကျင်တွေရှိသလို အဆင်ပြေမှာမဟုတ်တဲ့ ပတ်ဝန်းကျင်တွေလည်း ရှိတာပဲ။ လက်ရှိပတ်ဝန်းကျင်က ကိုယ်နဲ့မကိုက်ဘူးလို့ နားလည်လာရင် ထွက်သွားလို့ရတယ်၊ ဘာလို့ဒီလိုပြောလဲဆိုရင် ကျွန်မကိုယ်တိုင်လည်း အကြိမ်ကြိမ်လုပ်ခဲ့ဖူးလို့ပဲ။ ကျွန်မတို့မှာ တခြားပတ်ဝန်းကျင်တစ်ခုကို ရွေးချယ်ခွင့်ရှိတယ်။ ကိုယ့်ကို ပိုပြီးပြုစုပျိုးထောင်ပေးမယ့်၊ ပိုကောင်းလာစေမယ့် ပတ်ဝန်းကျင်ကို ရွေးချယ်ခွင့်ရှိတယ်။
အနာဂတ်ခေါင်းဆောင်တွေကို ပြောချင်တာက နောက်မျိုးဆက်အပါအဝင် ကျွန်မတို့အားလုံးဟာ၊ လူတိုင်းလူတိုင်းဟာ ရှင်သန်နေရတဲ့ ရည်ရွယ်ချက်တစ်ခုစီ ရှိကြတယ်။ မွေးလာပြီး ကမ္ဘာကြီးပေါ်မှာ ဒီအတိုင်းပဲ အသက်ရှိနေတာ မဟုတ်ဘူး။ ကိုယ်ပိုင်ဖြစ်တည်မှုတစ်ခုကို လောကကြီးအတွက်၊ ဒီကမ္ဘာကြီးအတွက်၊ ကိုယ့်အသိုက်အဝန်းအတွက်၊ ကိုယ့်မိသားစုအတွက် ဖြည့်ပေးတာပဲ။ ကျွန်မအမြင်မှာတော့ လူဆိုတာ ကိုယ့်ရဲ့ ကိုယ်ပိုင်ဖြစ်တည်မှုဟာ အတုမရှိဘူးဆိုတာကို အမှန်တကယ် သိမြင်လက်ခံဖို့က အရေးကြီးဆုံးပဲ။ ကျွန်မတို့အားလုံးဟာ ပြည့်စုံလုံလောက်တယ်၊ ထိုက်တန်မှုရှိတယ်။ ကျွန်မတို့ အားဖြည့်ကူညီရမယ့် ကိစ္စတွေ အများကြီးရှိတယ်။ ဒီလိုသာ တွေးမြင်လက်ခံနိုင်တယ်ဆိုရင် ကမ္ဘာကြီးက အများကြီးပိုပြီးနေလို့ကောင်းတဲ့ နေရာတစ်ခုဖြစ်နေမယ်လို့ ကျွန်မနဲ့ ကျွန်မရဲ့ client တွေကတော့ ယုံကြည်ပါတယ်။
——-
ကျွန်မတို့အားလုံးမှာ ဇာတ်လမ်းတွေရှိတယ်။ ကိုယ်က ဘယ်လိုလူပါ၊ ဘာတွေလုပ်တဲ့လူပါ၊ ပြီးတော့ လူ့အသိုင်းအဝိုင်းမှာ ဝင်ဆံ့တယ်၊ မဆံ့ဘူး ဆိုပြီး ကိုယ်တိုင်ဖန်တီးထားတဲ့ ကိုယ်တိုင်ရေးပုံပြင်တွေပေါ့။ ကျွန်မတို့ရဲ့ ဘဝဆိုတာ ကိုယ်တိုင်ဖန်တီးထားတဲ့ ဇာတ်လမ်းရှည်ကြီးတစ်ပုဒ်ပါပဲ။ အဲဒီထဲကမှ ဘယ်ဇာတ်လမ်းတွေအတိုင်း ယုံကြည်လျှောက်လှမ်းမယ်ဆိုတာကိုတော့ ကိုယ်တိုင်ရွေးချယ်ရမှာပဲ။
တစ်ခါတလေမှာ ကိုယ့်ရဲ့ ကိုယ်ပိုင်ဖြစ်တည်မှုအတိုင်း နေထိုင်နိုင်ဖို့ဆိုရင် ရဲစွမ်းသတ္တိရှိရှိနဲ့ ခြေလှမ်းငယ်လေး စလှမ်းဖို့လိုတယ်။ ကိုယ့်အမှန်တရားနဲ့ ကိုယ်နေထိုင်ပါ၊ လောကကြီးအတွက် ကိုယ့်မှာ ပေးစွမ်းစရာတွေ ရှိတယ်ဆိုတာ သိထားပါ။ ကိုယ့်ရဲ့ ကိုယ်ပိုင်အမှန်တရား၊ လမ်းလျှောက်ပုံ၊ စကားပြောပုံ၊ သူများတွေကို ဆက်ဆံပုံစတာတွေက ကိုယ်တောင်မသိလိုက်ဘဲနဲ့ သူများတွေအပေါ် ရိုက်ခတ်မှုရှိပြီး ဘေးပတ်ဝန်းကျင်က လူတွေအများကြီးရဲ့ ဘဝတွေကို ပြောင်းလဲပေးနိုင်ပါတယ်။
ကိုယ့်ရဲ့ ကိုယ်ပိုင်ဖြစ်တည်မှုကြောင့် စိတ်ရှိတဲ့အတိုင်း နေထိုင်လို့မရဘဲ ပြောင်းလဲဖို့လိုတယ်လို့ ခံစားနေရပြီဆိုရင် ဒီ episode က အကူအညီပေးနိုင်မှာပါ။
XO,
Arabelle