BHP46 - Solo

How Shifting Your Energy Can Transform Your Life

Listen now:

The moment when I decided that everything needs to shift in my life, I said to myself, I have no choice because it is non-negotiable. And even though I do not know the outcome or the result, I jump into it and take the leap of faith. I practiced embodying and raising my vibration to truly match and achieve the vision I set for myself.
Because when you start to understand your energy and dive deeper within yourself, you see the shift in your external reality and your vision, your dreams start to become your reality.

Tune in to this episode to find out more!

Sometimes, it’s about taking a small courageous step forward to own your uniqueness. Own it and know that you’ve got something to give. Your uniqueness, the way you walk, talk, and treat others, you unknowingly create an impact and change the lives of so many people around you.

If you feel like you need to dull your own sparkle because of your uniqueness, then this episode is for you!

[ Burmese Transcript ]

ကျွန်မ အခုတလော အင်မတန် စိတ်ဝင်စားနေတဲ့ အကြောင်းအရာတစ်ခုရှိတယ်။ အဲဒါကတော့ energetics ဆိုတဲ့အရာပဲ။ ပြီးခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက အခုအချိန်ထိ ကျွန်မ အဲဒီအကြောင်းကို နက်နက်နဲနဲ လေ့လာနေခဲ့တာ။

ကျွန်မတို့အားလုံးရဲ့ ဘဝမှာ ကိုယ့်ကို စိတ်ဓာတ်တက်ကြွအောင် လှုံ့ဆော်ပေးမယ့်အရာ တစ်ခုမဟုတ်တစ်ခုတော့ လိုအပ်ပါတယ်။ တချို့လူတွေအတွက်ဆိုရင် ပိုက်ဆံ၊ တချို့အတွက်ကျတော့ အောင်မြင်ကျော်ကြားမှု၊ တချို့တွေအတွက်ကျပြန်တော့လည်း အထောက်အပံ့ပေါ့။ ကျွန်မအတွက်ကတော့ ကျွန်မရဲ့ သားလေး Elijah ပဲ။

သားလေးကျွန်မဘဝထဲကို ရောက်လာတဲ့အချိန်မှာ ကျွန်မအတွက် အရာရာပြောင်းလဲသွားခဲ့တယ်။ Eli ရဲ့အဖေနဲ့ ကျွန်မ လမ်းခွဲခဲ့ကြတဲ့အချိန်က ကျွန်မကို နိုးထစေခဲ့တယ်။ Eli လေးကတော့ ကိုးလပဲရှိသေးတယ်။ နို့တိုက်မိခင်တွေဆိုရင် နားလည်ကောင်းနားလည်ပါလိမ့်မယ်။ အကုန်လုံးတော့ မဟုတ်ဘူးပေါ့လေ။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ကျွန်မနည်းနည်းကြောင်တောင်တောင်ဖြစ်နေခဲ့တာ။ ကြောင်တောင်တောင်ဖြစ်တယ် ဆိုတာ အိပ်ရေးပျက်တာ၊ အိပ်ရေးမဝတာပေါ့။ ကိုယ်ဘာတွေစားလို့စားနေမှန်းတောင် မသိတဲ့အဖြစ်။ ဘာလုပ်နေမှန်းလည်း မသိဘူး။ တစ်ခါတလေ ခေါင်းထဲမှာ လူက ကြောင်တောင်တောင်နဲ့။ အဲဒီတုန်းက ကျွန်မ အလုပ်လည်းလုပ်မနေဘူး။

ဒါပေမဲ့ ဒီအချိန်ကပဲ ကျွန်မကို အရာအားလုံးပြောင်းလဲမှဖြစ်တော့မယ်ဆိုပြီး ဆုံးဖြတ်ချက်ချစေခဲ့တယ်။ ကျွန်မမှာ ရွေးချယ်စရာ၊ ညှိနှိုင်းစရာမရှိဘူး။ ကျွန်မပိုက်ဆံလိုက်ချေးငှားနေတာကိုတော့ ကျွန်မသားလေးကို မြင်စေမှာဟုတ်ဘူး။ ကျွန်မ တိုးတက်လာတာပဲ သူ့ကိုမြင်စေချင်တယ်။ အဲလိုမြင်စေချင်တဲ့ အကြောင်းရင်းကလည်း တစ်ခုတည်း။ လူတွေအားလုံးက မိဘတွေဆီကနေသင်ယူတတ်ကြတယ်လေ။ ဒါက ကျွန်မရဲ့ဘဝအတွေ့အကြုံအရ၊ ပြီးတော့ တခြားလုပ်ဖော်ကိုင်ဖက်တွေ အားလုံးကိုကြည့်ပြီး သိလာရတာ။ မိဘတွေဆီက သင်ယူတယ်ဆိုတဲ့နေရာမှာ သူတို့ ဘာလုပ်ပါ၊ ဘာကိုင်ပါဆိုပြီး ပြောတာကို သင်ယူတာမဟုတ်ဘူး။ သူတို့ရဲ့နေ့စဉ်ဘဝထဲက နေပုံထိုင်ပုံ၊ ပြီးရင် သူတို့ရဲ့ အခက်အခဲဖြတ်ကျော်ပုံတွေကို ကြည့်ပြီး သင်ယူလာကြရတာလေ။ ဟုတ်တယ်မလား။ ကျွန်မအတွက်ကတော့ အဲဒီအချိန်က ကိုယ်သိတာတွေကို တကယ်လက်တွေ့အကောင်အထည်ဖော်နိုင်မယ့် တကယ့် အခွင့်အလမ်းကြီး တစ်ခုလိုပါပဲ။ ဒီတော့ ကျွန်မစလုပ်ရပြီပေါ့။

ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မက လူရည် လည်ပြီး အလုပ်တစ်ခုကို အပူတပြင်း လုပ်တတ်တဲ့၊ တစ်ယောက်ပါ။ ဒါကိုဘယ်လိုလုပ်ရသလဲ ဆိုတာလည်း ကျွန်မကောင်းကောင်းကြီးသိတယ်။ ဒါပေမဲ့ ဒီလိုတွေ တွေ့ကြုံလာရပြီးတဲ့နောက် ဒီလို အလောကတကြီး အပူတပြင်း လုပ်တာရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ နုနုရွရွနေတာက ဘယ်လိုမျိုးလဲဆိုတာကို သိလာခဲ့ရတယ်။ ဘာမှန်းမသိတာတွေကို ယုံကြည်တာ၊ ကိုယ်မမြင်ရမသိရတာတွေကိုလည်း ရလဒ်က ဘာဖြစ်မယ်မှန်းမသိရရင်တောင် ယုံကြည်ပြီး ဆုံးဖြတ်ချက်တွေ ချမြဲချရတာ၊ ရွေးချယ်မှုတွေနဲ့ ရင်းနှီးမြှုပ်နှံတာတွေ လုပ်မြဲလုပ်ရတာမျိုးပေါ့။ အဲဒီအချိန်မှာ ကျားကျားယားယားလုပ်ကိုင်တတ်ရသလို နုနုရွရွလည်းလုပ်တတ်ကိုင်တတ်ရမယ်ဆိုတာ ကျွန်မသိခဲ့ရတယ်။ စီးပွားရေးလုပ်တဲ့အခါမျိုးပဲဖြစ်ဖြစ်၊ ပိုက်ဆံရှာတဲ့အခါမျိုးပဲဖြစ်ဖြစ် ကျားကျားယားယားလုပ်ကိုင်တဲ့နေရာမှာတော့ ကျွန်မတကယ်တော်ခဲ့တာ။ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးလို့ရသရွေ့ တွန်းအားပေးနေခဲ့တယ်။

ဒါပေမဲ့ ကျွန်မရခဲ့တဲ့ အကြီးဆုံးသင်ခန်းစာကတော့ အဲဒီ energy ထဲရောက်အောင် ဘယ်လိုဆွဲဆောင်မယ်၊ ဘယ်လိုလုပ်ရမယ်၊ client တွေကိုပဲဖြစ်ဖြစ်၊ အလုပ်အတူလုပ်ချင်တဲ့ လူတွေကိုပဲဖြစ်ဖြစ်၊ ကိုယ်ကူညီချင်တဲ့ လူတွေကိုပဲဖြစ်ဖြစ် ဘယ်လိုသိမ်းသွင်းစည်းရုံးမယ်။ ပြီးရင် ကိုယ်ဖြစ်စေချင်တဲ့ လက်တွေ့ဘဝနဲ့၊ ဒါမှမဟုတ် ကိုယ်လိုချင်တဲ့ရလဒ်နဲ့ ကိုက်ညီတဲ့ energy ထဲရောက်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာတွေနဲ့ပတ်သက်ပြီး လေ့ကျင့်ဖို့ဖြစ်ပါတယ်။ အဓိကကတော့ အဲဒီကျွမ်းကျင်မှုတွေကို နှစ်အနည်းငယ်အတွင်းမှာ တကယ်လက်တွေ့ အကောင်အထည်ဖော် တည်ဆောက်ဖို့ပဲပေါ့။

စီးပွားရေးလုပ်ငန်းကိုကြည့်ပြီး ကျွန်မအနေနဲ့ သင့်တင့်သလောက် အလုပ်တွေ လုပ်ခဲ့ပြီးပြီဆိုတာကို သေသေချာချာ သိနိုင်တဲ့အတွက် အဲဒါကို ပုံရိပ်ကောင်း၊ ကြည့်မှန်ကောင်းတစ်ချပ်လို သုံးနိုင်ခဲ့ပါတယ်။

ကျွန်မအတွက်တော့ energetics က အရာရာပါပဲ။ ဘာလို့လဲဆိုတော့ လောကကြီးတစ်ခုလုံး၊ စကြဝဠာကြီးတစ်ခုလုံးမှာရှိတဲ့ အရာအားလုံးက energy တွေပဲမဟုတ်လား။ အခြေခံပစ္စည်းတွေဖြစ်တဲ့ လျှပ်စစ်၊ လေ၊ ရေနဲ့ ရှိရှိသမျှအရာတွေအထိ ကြည့်မယ်ဆိုရင်လည်း အားလုံးမှာ energy တွေရှိနေတယ်။ ကျွန်မတို့ကိုယ်တိုင်ကလည်း energy တွေနဲ့ ဖွဲ့စည်းထားတဲ့ လူသားတွေပဲလေ။ ဒါကြောင့်မို့လို့ ပြောရရင် စီးပွားရေးလုပ်တဲ့အခါပဲဖြစ်ဖြစ်၊ အရောင်းပိုင်း၊ အရောင်းမြှင့်တင်ရေးပိုင်းမှာပဲဖြစ်ဖြစ်၊ အချစ်ရေး၊ နိုင်ငံရေး စတဲ့နေရာတွေမှာပဲဖြစ်ဖြစ် energy တွေရှိကြတယ်။ အရာရာတိုင်းမှာ တကယ်ရှိတာ။ ကျွန်မအတွက် အရာအားလုံးက energy ပဲ။ အရာအားလုံးမှာ ကိုယ်ပိုင် frequency တွေ၊ vibration တွေရှိတယ်။ ကျွန်မတို့မှာလည်း ရှိတာပေါ့။ ဒီတော့ ကျွန်မတို့လို လူသားတွေအနေနဲ့ နိုင်ငံရေးမှာ အပြောင်းအလဲလုပ်ရင်ပဲဖြစ်ဖြစ်၊ ပစ္စည်းရောင်းရင်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အရောင်းမြှင့်တင်ရေးနဲ့ ပတ်သက်တဲ့ webinar တက်နေရင်ပဲဖြစ်ဖြစ် အဲဒီလို ပြင်ပလောကထဲမှာ အပြောင်းအလဲတွေလုပ်ချင်နေတယ်ဆိုရင် ကိုယ်ဘယ်နေရာမှာရှိတယ်ဆိုတာ၊ ကိုယ်နဲ့ ကိုယ်ဖန်တီးတော့မယ့်အရာနဲ့၊ ဒါမှမဟုတ်ရင်လည်း ကိုယ်ဖန်တီးချင်နေတဲ့အရာနဲ့ energy ကိုက်ညီရဲ့လားဆိုတာကို စိတ်ထဲမှာ အမှန်တကယ် နက်နက်နဲနဲ နားလည်သဘောပေါက်ရမှာဖြစ်ပါတယ်။ အဲဒါတွေကို ဘယ်လိုမျိုး ထိန်းချုပ်အသုံးချပြီး လွှမ်းမိုးချုပ်ကိုင်ရမလဲဆိုတာကို လေ့လာရမှာပါ။

ကျွန်မရှင်းပြခဲ့သလိုဆိုရင် ဒီလိုလုပ်ဖို့ဆိုတာဟာ တကယ့်ကို စိတ်ကူးယဉ်ဆန်ပြီး အဆင့်လည်း တော်တော်မြင့်တယ်ထင်ရပါတယ်။ ဒါပေမဲ့ အရိုးရှင်းဆုံး စကားလုံးကိုသုံးပြီးပြောရမယ်ဆိုရင်တော့ ကျွန်မတို့ရဲ့ ကိုယ်ပိုင်အတွေးတွေထဲမှာ ကျွန်မတို့ဘယ်နေရာကိုရောက်နေလဲ။ ကျွန်မတို့ဘာပဲလုပ်လုပ် ကိုယ်ရဲ့ energy အရ ကိုယ်ဘယ်မှာရှိနေလဲဆိုတာတွေပါပဲ။ ဒါကြောင့်မို့လို့ အရာရာက energy ပေါ် မူတည်တယ်ဆိုတာ ကျွန်မယုံတယ်။ အဲဒီကမ္ဘာထဲမှာ ဘယ်လိုရေကူးရမယ်ဆိုသိသွားတဲ့အခါပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အဲဒီလောကထဲမှာ ဘယ်လိုချောချောမွေ့မွေ့ လှုပ်ရှားရမယ်ဆိုတာ သိသွားတဲ့အခါပဲဖြစ်ဖြစ် ကျွန်မတို့ရဲ့ဘဝထဲက အရာအားလုံး၊ ပစ္စည်းရောင်းချရေး၊ ခေါင်းဆောင်ရေး၊ အချစ်ရေး စတဲ့နေရာတွေမှာ လုပ်သမျှတွေက အရင်ကထက် အများကြီးပိုပြီး လွယ်ကူလာပါတယ်။

ကျွန်မက တကယ့်ကို ရိုးရှင်းတဲ့အရာတွေကို သဘောကျတယ်။ ဒီနယ်ပယ်နဲ့ အစိမ်းသက်သက်ဖြစ်နေတဲ့သူတွေအတွက် ကျွန်မအကြံပေးချင်တာကတော့ ကိုယ့်အိမ်ထဲမှာ အချိန် ၅ မိနစ်လောက် ကိုယ့်ကို ဘယ်သူကမှ လာမနှောင့်ယှက်နိုင်မယ့် နေရာလေးတစ်နေရာကို ဖန်တီးလိုက်ပါ။ ဒီအတိုင်းစလုပ်ပြီး နောက်ပိုင်းကျရင် ဆယ့်ငါးမိနစ်၊ မိနစ်သုံးဆယ်၊ တစ်နာရီ စသဖြင့် နည်းနည်းစီတိုးသွားလို့ရပါတယ်။ ကိုယ့်ရဲ့ခန္ဓာကိုယ်မှာအာရုံထား၊ မျက်စိမှိတ်ပြီး အသက်ရှူသွင်း ရှူထုတ်လုပ်ပါ။ ဒီလိုလုပ်တာကို ဘာခေါင်းစဉ်မှမတပ်ပါနဲ့။ ဒါက တရားထိုင်တာမဟုတ်သလို တစ်ခုခုကို ကြိုးစားလုပ်နေတာလဲမဟုတ်ပါဘူး။ ဒီအတိုင်း တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာလေးမှာပဲ ရောက်နေတာပါ။ ပြီးရင် ကိုယ့်ခန္ဓာကိုယ်မှာ အာရုံထားပါ။

ကိုယ်နဲ့အဆင်ပြေတဲ့နည်းကို လုပ်နိုင်ပါတယ်။ ဒီနည်းက လူတော်တော်များများအတွက် လွယ်တာဖြစ်လို့ လူတော်တော်များများကို ဒီအတိုင်းလုပ်ဖို့ ကျွန်မအကြံပေးဖြစ်တယ်။ scanner တစ်ခုက ကိုယ့်ခန္ဓာကိုယ်ကို ခေါင်းအစခြေအဆုံး scan လုပ်နေတယ်လို့တွေးကြည့်လိုက်ပါ။ ကိုယ့်ခန္ဓာကိုယ်ကို scan စလုပ်ပြီဆိုတာနဲ့ အာရုံသေချာစုစည်းလိုက်ပါ။ ကိုယ့် energy နဲ့ပတ်သက်ပြီး ဘယ်လိုခံစားရလဲ။ ခန္ဓာကိုယ်မှာ တောင့်တင်းနေတာမျိုးရှိလား။ အခု ခံစားရတာ၊ မြင်ရတာ၊ တွေ့ကြုံရတာတွေထဲက တစ်ခုမဟုတ်တစ်ခုကို ပုံမှန်မှာလည်း တွေ့ကြုံရတာမျိုးရှိလား။

ဒီနည်းလမ်းရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်မတို့တော်တော်များများက စဉ်းစားဖို့ပဲ ကျင့်သားရနေတာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ စိတ်နဲ့ကိုယ်ကို တစ်သားတည်းဖြစ်အောင် လုပ်လိုက်တာပါ။ စိတ်အတွေးတွေထဲမှာ နစ်မြုပ်နေသရွေ့ ကျွန်မတို့အားလုံးမှာရှိတဲ့ သိမ်မွေ့နက်နဲတဲ့ energy ကို သတိပြုမိကြမှာမဟုတ်ဘူး။ ဒီတော့ ဒီလိုပဲ စလုပ်ကြည့်လိုက်ပါ။ အတွေးတွေ ခေါင်းထဲပေါ်လာလိုက် ပျောက်သွားလိုက်ဖြစ်မယ့်အချိန်တွေလည်း အများကြီးတွေ့ရပါလိမ့်မယ်။

“ငါလုပ်တော့လုပ်ကြည့်နေတာပဲ”

“ငါလုပ်နေတာ အလုပ်ရောဖြစ်ရဲ့လား”

“သက်သက်အချိန်ဖြုန်းတာပါပဲ”

အဲဒီအချိန် ကျေးဇူးပဲလို့သာ ပြောလိုက်ပါ။ ဒါက ကိုယ်ပုံမှန်လုပ်နေကျအတိုင်း မေးခွန်းထုတ်တာ သက်သက်ပါပဲ။ ဒါပေမဲ့ ကျွန်မတို့က အခု အရင်နဲ့မတူတဲ့အရာကို ကြိုးစားလုပ်ကြည့်နေတာပါ။ ကျွန်မနဲ့အတူ လိုက်လုပ်ကြည့်ပါ။ ပြီးရင် ကိုယ့်စိတ်၊ ကိုယ့်ခန္ဓာကိုယ်နဲ့ စပြီးဆက်သွယ်လို့ရပါပြီ။ နောက်ပိုင်း ဘာတွေဖြစ်လာလဲဆိုတာကို သတိထားကြည့်ပါ။ အဲဒီကနေပဲ စလုပ်ပါ။ အဲဒီကမှတစ်ဆင့် လုပ်လို့ရတာရှိသေးတယ်။ ကျွန်မလူတွေကိုပြောနေကျ အလွယ်ဆုံးအရာကတော့၊ ဆိုပါစို့ ကျွန်မပိုက်ဆံကို သာဓကပြခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ပိုက်ဆံက လက်ဆုပ်လက်ကိုင်ပြနိုင်ပြီး လက်တွေ့လည်း တိုင်းတာလို့ရတယ်လေ။

ကိုယ်က တကယ် ပိုက်ဆံပမာဏတစ်ခုကို ရဖို့ရည်မှန်းထားတယ်ဆိုရင်၊ ဆိုပါစို့။ ကိုယ့်စီးပွားရေးလုပ်ငန်းထဲမှာ ဒေါ်လာ ၅၀,၀၀၀ ရှိတယ်ဆိုရင် အဲဒါက ကိုယ့်အတွက် ဘယ်လိုဖြစ်လာမယ်၊ ကိုယ်ဘယ်လိုခံစားရမယ်၊ အဲဒီပိုက်ဆံ ဒေါ်လာ ၅၀,၀၀၀ ရှိနေပြီဆိုရင် ကိုယ့်ခန္ဓာကိုယ်ထဲမှာ ဘာတွေကို တွေ့ကြုံခံစားရမယ်ဆိုတာတွေကို စိတ်ကူးကြည့်ပါ။

အဲဒီ energy က ပိုက်ဆံရှိတဲ့အခါကျရင် ကိုယ့်ဆီမှာဖြစ်တည်လာမယ့် energy ပဲဖြစ်ပါတယ်။

အခု အဲဒီအတွေ့အကြုံတွေ၊ ခံစားချက်တွေ၊ အာရုံသိတွေ၊ အတွေးတွေ၊ အရာအားလုံးကို စပြီးခံစားလာရပြီဆိုရင် ဘာဆက်ဖြစ်မှာလဲ။ အခြေခံအားဖြင့်ပြောရမယ်ဆိုရင် ကိုယ်အခုလုပ်နေတာက ဘာလဲဆိုတော့ energy နဲ့ အခုအဲဒီ energy ကို ရယူပြီးသွားတဲ့ အတွေ့အကြုံကို ယှဉ်ကြည့်နေတာပဲဖြစ်တယ်။

ကိုယ်က လေ့ကျင့်လေလေ၊ ကိုယ့်ရဲ့ ဦးနှောက်၊ ခန္ဓာကိုယ်နဲ့ energy တွေကို အဲဒါက တကယ်ဖြစ်ခဲ့ပြီးသလို လှည့်စားလေလေဖြစ်ပါတယ်။ ကိုယ့်ခန္ဓာကိုယ်ကို စပြီး လှည့်စားလိုက်ပြီဆိုတာနဲ့ စနစ်တစ်ခုလုံးက တကယ်ဖြစ်ခဲ့ပြီးသလို ယုံကြည်သွားပါတယ်။ ဒီလိုနဲ့ ကိုယ်က လူတွေနဲ့ အခြေအနေတွေကို စပြီးဆွဲဆောင်သိမ်းသွင်းနိုင်မှာဖြစ်ပြီး အရင်က သတိမထားမိခဲ့တဲ့ အခွင့်အလမ်းတွေအများကြီးကိုလည်း ပိုပြီး သတိထားမိစပြုလာပါလိမ့်မယ်။ အဲဒီနှစ်မျိုးကို ကြိုးစားလုပ်ကြည့်ရင် ကိုယ့်ဘဝနဲ့ ကိုယ့်စီးပွားရေးလုပ်ငန်းမှာ တကယ်ကြီးမားတဲ့ အပြောင်းအလဲတွေကို စပြီးမြင်လာရတာထက်ပိုထူးတဲ့ ရလဒ်တွေ ရလာပါလိမ့်မယ်။ ကျွန်မပြောလိုတာကို သဘောပေါက်မယ်လို့ မျှော်လင့်ပါတယ်။

XO,

Arabelle

ကောင်းတာကတော့ ဘေးပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲဆိုတာ သတိမထားမိတော့ဘူး။ ကိုယ်က ဒီတစ်ခုအပေါ် အရမ်းအာရုံစိုက်နေတုန်း ဘေးမှာဖြစ်ပျက်နေတာတွေလည်း အများကြီးရှိနိုင်တာပဲလေ။ ကိုယ့်ကိုလူတွေအထင်သေးတာ၊ အလေးအနက်မထားတာတွေကိုလည်း သတိမထားမိတော့ဘူး။ ဒါပေမဲ့ လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဖက်အမျိုးသားတွေနဲ့ယှဉ်လိုက်ရင် ငါ့ကို အလေးအနက်မထားပါလားလို့ သတိထားမိသွားတဲ့ အချိန်မျိုးတွေလည်း ရှိခဲ့တယ်။ Corporate လောကမှာ အလုပ်လုပ်တုန်းကပါ။

Corporate လမ်းကြောင်းကနေ ၂၀၁၄ မှာ ထွက်လာပြီးတော့ အဲဒီကတည်းက စွန့်ဦးတီထွင်တဲ့ အလုပ်တွေပဲ လုပ်ဖြစ်တော့တယ်။ အရင်တုန်းက ရှိခဲ့တဲ့ အဲဒီလိုပြဿနာတွေ အခုချိန်မှာ မရှိတော့ဘူးပေါ့လေ။ တစ်ခါတုန်းကဆို ကုန်သွယ်ရေးလုပ်ငန်းတစ်ခုရဲ့ ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာ လုပ်ရပြီး လုပ်ငန်းခွင်မှာ အမျိုးသားတွေပဲ ကြီးစိုးထားတာ။ အဲဒါပြီးတော့ ရေနံနဲ့ဓာတ်ငွေ့ကုမ္ပဏီမှာ လုပ်တယ်၊ ပြီးတော့ သတ္ထုတူးဖော်ရေးမှာလည်း ဝင်လုပ်လိုက်သေးတယ်။ အဲဒီအလုပ်တွေအကုန်လုံးမှာ ကြီးစိုးထားတာ အမျိုးသားတွေချည်းပဲ။ ကျွန်မအတွက် ပြဿနာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အလုပ်မှာ လုပ်ဖော်ကိုင်ဖက် အမျိုးသားတွေကိုပဲ အလေးအနက်ထားဆက်ဆံကြတာ ပိုများတယ်ဆိုတာ သဘောပေါက်လာတယ်။ ရာထူးတိုးတာမျိုးဆိုရင်လည်း ကျွန်မထက် အများကြီးအရင်စောပြီး တိုးပေးခံရတယ်။ အဲဒီအချိန်က ကျွန်မက ပစ္စပ္ပုန်က ကျွန်မလိုမျိုး သိမြင်နားလည်တာတွေ မရှိသေးဘူးဆိုတော့လည်း အမျိုးသားတစ်ယောက်လို ဝတ်စားပြုမူရမယ်၊ လုပ်ကိုင်ရမယ်လို့ တွေးခဲ့မိတာပေါ့။ ဒီတော့ လိုက်လုပ်တယ်။ အလုပ်က အမျိုးသားတွေ အရက်ထွက်သောက်ကြပြီဆိုရင်တောင် လိုက်သွားပြီးသောက်လိုက်သေးတာ။

အဲဒါမှပဲ သူတို့နဲ့ဝင်ဆံ့မယ်လို့ တွေးခဲ့တာကိုး။ တကယ်လည်း ဝင်ဆံ့ခဲ့ပါတယ်၊ သူတို့ရဲ့စကားဝိုင်းတွေမှာ ဝင်ပြောနိုင်လာတယ်။ သူတို့နဲ့ သူငယ်ချင်းတွေဖြစ်ပြီး အဖွဲ့ကျသွားတာပေါ့။ အဲဒီလိုမိတ်ဖွဲ့ပြီးနောက်မှာ ကျွန်မရဲ့ career အတွက်တော့ ပိုအဆင်ပြေလာပါတယ်၊ ဒါပေမဲ့ ပြဿနာက ကျန်းမာရေးထိခိုက်လာတာပဲ။ အလေးအနက်ထားပြီးဆက်ဆံတာ မခံရမှာစိုးလို့ အဝတ်အစားတောင်မှပဲ မိန်းကလေးဆန်ဆန် မဝတ်စားဘဲ ဘောင်းဘီတွေ၊ ဂျာကင်တွေပဲ ဝတ်ခဲ့တာ။ နောက်တော့မှ ဒါက ငါ့အတွက် အလုပ်လေးတစ်ခုပဲလေ၊ အဲလောက်ထိ လိုက်လုပ်စရာမလိုပါဘူးလို့ သဘောပေါက်လာတယ်။ အခုချိန် ကျွန်မရဲ့ နေ့စဉ်ဘဝ၊ အပြောအဆို၊ လမ်းညွှန်သင်ပြမှုအားလုံးရဲ့ အခြေခံကတော့ အဲဒါပဲ။ အဲဒါလေးကို နားလည်နိုင်ဖို့ ကျွန်မမှာ နှစ်တွေအများကြီး ရင်းနှီးခဲ့ရတာ။ ဒီတော့ ထပ်ပြောပါရစေ၊ ကျွန်မ အခုပြောတာကို သဘောတူတဲ့လူ၊ သဘောမတူတဲ့လူ ရှိမယ်။ ဒါပေမဲ့ အဲဒါ ကျွန်မရဲ့ ကိုယ်တွေ့အတွေ့အကြုံပဲ။

ဘာကိုနားလည်သွားလဲဆိုတော့ ကိုယ့်ယုံကြည်ချက်ကို တကယ်ပြောင်းလဲလိုက်တဲ့အခါ ဘာဖြစ်လဲဆိုတာပဲ။ ဓလေ့ဆိုပြီးတော့ ကျွန်မတို့ကို ဘောင်ခတ်ထားတာတွေ အများကြီးရှိတယ်။ ကျွန်မ လက်ဆင့်ကမ်း သင်ယူခဲ့တဲ့ ယုံကြည်ချက်တွေဆိုတာလည်း အများကြီးပဲ။ ကျွန်မအရှေ့မှာ ဒီလုပ်ငန်းခွင်တွေထဲ ကျင်လည်ခဲ့ကြတဲ့ အမျိုးသမီးတွေရဲ့ အတွေ့အကြုံတွေကနေ သင်ယူခဲ့မိတာပေါ့။ သူတို့ရဲ့ အဲဒီ ယုံကြည်ချက်တွေကို ဘာမှမေးခွန်းမထုတ်ဘဲ ကျွန်မရဲ့ မသိစိတ်ကရော၊ သိစိတ်ကရော ဒါဟာ ငါ့ဘဝရဲ့ အမှန်တရားပဲလို့ သတ်မှတ်ပြီး လက်ခံခဲ့လိုက်တာ။ အပြင်မှာလည်း ကျွန်မ လက်ခံယုံကြည်ထားတဲ့အတိုင်း တကယ်ဖြစ်နေတာကိုး။ အခုအလုပ်ကို တကယ်စလုပ်မိတော့ ဒီအကြောင်း သင်ပြပေး၊ ပြောပြပေးရတာ တကယ်ကံကောင်းတယ်လို့ ခံစားရပါတယ်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ့ယုံကြည်ချက်က ဘာလဲ”

“ငါ့ရဲ့ energy က ဘာလဲ”

“ငါလက်ခံထားတဲ့အမြင်က ဘာလဲ”

ကျွန်မကတော့ ဒါ ငါဖြတ်သန်းရမယ့် ဘဝပဲလို့ ယုံကြည်လက်ခံခဲ့မိတာပဲ။ ငါက အင်္ဂလိပ်စကားပြောပြီး ကြီးလာတာမဟုတ်တဲ့ လူကောင်သေးသေး အာရှသူဆိုတော့ ငါ့ကို ဒီလိုပဲဆက်ဆံကြမှာ၊ ဒီလိုပဲ မြင်ကြမှာပေါ့ လို့ လက်ခံထားခဲ့မိတာ။

အဲဒီအမြင်ကို စပြီးပြောင်းလဲလိုက်တော့ ကျွန်မကို လူတွေဆက်ဆံတဲ့ပုံ၊ စကားပြောတဲ့ပုံတွေပါ လိုက်ပြီး ပြောင်းလဲသွားတာ မျက်မြင်စတွေ့ရတယ်။ ကျွန်မကို စပြီး အလေးအနက်ထား ဆက်ဆံလာကြတယ်။ ကိုယ့်ရဲ့ ယုံကြည်ချက်တွေ၊ energy တွေ၊ အမြင်တွေကိုပဲ ပြောင်းလဲလိုက်ရုံသက်သက်တော့ မဟုတ်ဘူးပေါ့။ သူများတွေနဲ့ ပြောဆိုဆက်ဆံရေးကိုလည်း ပိုကောင်းလာအောင် လုပ်ရတာပေါ့။ ခေါင်းဆောင်မှုစွမ်းရည်တို့ ဘာတို့တွေလည်း အပါအဝင်ပေါ့လေ။ ပထမဆုံးအကြိမ် ကြားလိုက်ကတည်းက ကျွန်မရဲ့ဘဝကို ပြောင်းလဲသွားစေခဲ့တဲ့ စကားတစ်ခွန်းရှိတယ်။ အခုနားထောင်နေကြတဲ့သူတွေလည်း ဒီစကားကို ကြားဖူးကြမှာပါ။ ဟင်နရီဖို့ဒ် ပြောခဲ့တဲ့စကားပေါ့။

“မင်း လုပ်နိုင်တယ်ပဲထင်ထင်၊ မလုပ်နိုင်ဘူးပဲထင်ထင် မှန်တယ်” တဲ့။

ဒီတော့ ကျွန်မက ဒါ ငါ့ယုံကြည်ချက်ဆိုရင် ငါ့အတွက် အမှန်တရားပဲလို့ ခံယူလိုက်တော့တယ်။

ငါ ယုံကြည်ချက်အသစ်တစ်ခုအတိုင်း စပြီး လက်ခံနေထိုင်ဖို့ ကြိုးစားကြည့်ရင်ရောလို့ တွေးလိုက်တယ်။ ကျွန်မရဲ့ စကားပြောပုံ၊ လမ်းလျှောက်ပုံ၊ တွေးမြင်ပုံ၊ ဝတ်စားပုံ၊ ဒါတွေအားလုံး လိုက်ပြီးပြောင်းလဲမှာလေ။ တကယ်လည်း ကျွန်မရဲ့ အရှိတရားကြီးတစ်ခုလုံး ပြောင်းလဲသွားခဲ့တာပဲ။ ကိုယ်က စီးပွားရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်နေတာပဲဖြစ်ဖြစ်၊ အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် အရေးမကြီးဘူး။ ကျွန်မအမြင်မှာတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်ဖြစ်တည်မှုအပေါ် သစ္စာမဖောက်ဘဲ ဘယ်လိုနေထိုင်ဖြတ်သန်းမလဲဆိုတာပဲ အရေးကြီးတာ။ ကိုယ်က လောကကြီးအတွက်ပေးစရာရှိတယ်လို့ သဘောထားပြီးသာ ကိုယ့်အမှန်တရားအတိုင်း နေထိုင်ရမှာ။ ဒီအချက်က ကျွန်မအတွက်ရော၊ ကျွန်မဆီက အကူအညီယူနေတဲ့သူတွေအတွက်ရော အရမ်းအရေးကြီးတယ်။

ကိုယ်က ဘယ်နေရာမှာပဲ ရောက်နေပါစေ၊ ဘေးပတ်ဝန်းကျင်က လူတွေအများကြီးရဲ့ ဘဝတွေကို ပြောင်းလဲပေးနေတာပဲဆိုတာ နက်နက်ရှိုင်းရှိုင်း ယုံကြည်ထားပါ။ စကားလေးတစ်ခွန်း ပြောပြီးပဲဖြစ်ဖြစ်၊ ပုခုံးလေးတစ်ချက်တို့ပြီးပဲ ဖြစ်ဖြစ်ပေါ့။ အကြောင်းကတော့ ကျွန်မတို့ လူသားတွေဆိုတာ အဲဒီလိုဖြစ်နေလို့ပဲ။ ကျွန်မတို့အားလုံးမှာ ကိုယ်ပိုင်ဖြစ်တည်မှုတွေရှိကြပြီး ဒီကမ္ဘာကြီးမှာ ရှင်သန်နေထိုင်နေကြတယ်ဆိုတာကိုက အံ့ဖွယ်ဖြစ်ရပ်တစ်ခုပဲ။ အဲဒါကို နားလည်လက်ခံပြီး ကိုယ့်ရဲ့ဖြစ်တည်မှုအတိုင်း ခိုင်ခိုင်မာမာ လျှောက်လှမ်း နေထိုင်နိုင်ပြီဆိုတာနဲ့ ကိုယ့်ရဲ့ ယဉ်ကျေးမှုနောက်ခံတွေ၊ အမျိုးသားလား အမျိုးသမီးလားဆိုတာတွေက အရေးမကြီးတော့ဘူး။ ဘဝကြီးတစ်ခုလုံး ပြောင်းလဲသွားတော့မှာ။ လူတိုင်းကို ကျွန်မပေးတဲ့ အကြံဉာဏ်ကတော့ အဲဒါပါပဲ။ ဒါကို ဘာလို့ပြောရလဲဆိုရင် လူတွေထောင်နဲ့ချီပြီး ကူညီခဲ့ပြီးတဲ့နောက်မှာ အဲဒီပြဿနာကို အခုထိ ရင်ဆိုင်နေကြရသေးတယ်ဆိုတာ သဘောပေါက်လာလို့ပဲ။

ကျွန်မတို့အားလုံးမှာ ဇာတ်လမ်းတွေရှိတယ်။ ကိုယ်က ဘယ်လိုလူပါ၊ ဘာတွေလုပ်တဲ့လူပါ၊ ပြီးတော့ လူ့အသိုင်းအဝိုင်းမှာ ဝင်ဆံ့တယ်၊ မဆံ့ဘူး ဆိုပြီး ကိုယ်တိုင်ဖန်တီးထားတဲ့ ကိုယ်တိုင်ရေးပုံပြင်တွေပေါ့။ ကျွန်မတို့ရဲ့ ဘဝဆိုတာ ကိုယ်တိုင်ဖန်တီးထားတဲ့ ဇာတ်လမ်းရှည်ကြီးတစ်ပုဒ်ပါပဲ။ ကျွန်မတို့အားလုံးမှာ ငါကတော့ဖြင့် ဘာနဲ့ထိုက်တန်တယ်ဆိုပြီး သတ်မှတ်ထားတဲ့ အဆင့်တစ်ခုရှိတတ်ကြတယ်။ အချိန်ယူပြီး မေ့ဖျောက်ပစ်ရမယ့် အစွဲတစ်ခုပေါ့လေ။ ကျွန်မရဲ့ client တစ်ယောက်အကြောင်း ဖြစ်ရပ်မှန်တစ်ခု ပြောပြချင်တယ်။ သူက တစ်ဘဝလုံး ချစ်ခြင်းမေတ္တာကို လိုက်ရှာနေခဲ့တာ။ စီးပွားရေးအရတော့ အရမ်းကိုအောင်မြင်တယ်၊ ပူပန်စရာကို မရှိဘူး။ ငွေအများကြီး ရှာနိုင်တယ်။ ကျွန်မအနေနဲ့ ကြည့်ပြီး အတုယူရတဲ့ အမျိုးသမီးပါပဲ။ စိတ်ကောင်းရှိကြင်နာတတ်ပြီး အရမ်းလည်းချမ်းသာတဲ့ အမျိုးသားတစ်ယောက်နဲ့ ဟိုတလောက သူ တွေ့တယ်။ ပြီးတော့ ကျွန်မဆီလာပြီး ဘာပြောလဲဆိုရင် –

“Arabelle ရေ၊ ငါ ဘာလုပ်ရမလဲ”

“သူ့ဘဝထဲမှာ ငါ ဘယ်လိုဝင်ဆံ့ရမလဲ”

“ငါက သူ့အတွက် ပြည့်စုံလုံလောက်ရဲ့လား”

“ငါ အဆင်ပြေပါ့မလား”

ပြီးတော့ ဘာဆက်မေးလဲဆိုရင် “သူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းက ငါ့ကို လက်ခံပါ့မလား” တဲ့။

ကျွန်မပြန်ပြောတာကတော့ ကိုယ်က သူ့အတွက် ပြည့်စုံလုံလောက်ပါ့မလားတို့၊ အဆင်ပြေပါ့မလားတို့ တွေးနေမယ့်အစား သူ့ကို ကိုယ်ဘာပေးနိုင်မလဲဆိုတာကို စဉ်းစားကြည့်ပြီးပြီလားပေါ့။ ဘာလို့လဲဆိုတော့ ကျင်လည်ခဲ့တဲ့ ပတ်ဝန်းကျင်ကမ္ဘာ၊ ယဉ်ကျေးမှု၊ နောက်ခံအသိုင်းအဝိုင်းတွေက လုံးဝကို ကွာခြားနေပြီး ဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေကလည်း နည်းနည်းမှ မတူဘူးလေ။ သူ့ရဲ့ အသိုင်းအဝိုင်းထဲကို ကိုယ်က ဘာပေးနိုင်မလဲဆိုတာ စဉ်းစားကြည့်ပြီးပြီလား။ သူနဲ့အတူတူရှိနေတဲ့အတွက် ဘေးကသူတွေရဲ့ ဘဝတွေ ဘယ်လိုပြောင်းလဲသွားစေနိုင်မလဲဆိုတာ စဉ်းစားကြည့်ပြီးပြီလားလို့ ပြန်ပြောလိုက်တယ်။ အဲဒီတော့မှ သူက “ဟာ၊ ဟုတ်သားပဲ။ အဲဒါကို လုံးဝမစဉ်းစားမိဘူး” ဆိုပြီး ဖြစ်သွားတာ။

ကျွန်မအတွက်ကတော့ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ ဘာသာစကားမတူလို့ စကားမပေါက်တာပဲဖြစ်ဖြစ်၊ gender ပြဿနာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ပေါ့လေ၊ ဘယ်လိုပဲမြင်လဲဆိုရင် ကိုယ့်ဇာတ်လမ်းကို ကိုယ်တိုင်ရေးပြီး ဒီနေရာမှာ ငါ ဘာတွေပြောင်းလဲပေးနိုင်မလဲလို့ အမြဲတမ်းစဉ်းစားဖို့ပဲ။ ငါ ဘာကူညီပေးနိုင်မလဲ၊ ဘာတွေ သင်ယူစရာရှိမလဲပေါ့။

ပတ်ဝန်းကျင်ဆိုတာ သိပ်ကိုအရေးကြီးပါတယ်။ ပတ်ဝန်းကျင်တစ်ခုခုမှာ ဝင်ဆံ့နိုင်ဖို့ မရှိမဖြစ်လိုတယ်လို့ ကျွန်မတို့ငယ်ဘဝကတည်းက သင်ပေးခံခဲ့ရပြီး ကြီးပြင်းလာကြတာ။ Career အတွက်၊ အိပ်မက်တွေ အကောင်အထည်ဖော်ဖို့အတွက်၊ မဟုတ်လည်း အကြောင်းတစ်ခုခုအတွက် လိုအပ်တယ်ပေါ့လေ။ ဒါပေမဲ့ ကျွန်မကတော့ လူဆိုတာ ကိုယ်ကျင်လည်မယ့်ပတ်ဝန်းကျင်ကို ကိုယ်တိုင်ရွေးချယ်ခွင့်ရှိတယ်လို့ လေးလေးနက်နက် ယုံကြည်တယ်။ ကိုယ်နဲ့ကိုက်ညီတဲ့ ပတ်ဝန်းကျင်တွေရှိသလို အဆင်ပြေမှာမဟုတ်တဲ့ ပတ်ဝန်းကျင်တွေလည်း ရှိတာပဲ။ လက်ရှိပတ်ဝန်းကျင်က ကိုယ်နဲ့မကိုက်ဘူးလို့ နားလည်လာရင် ထွက်သွားလို့ရတယ်၊ ဘာလို့ဒီလိုပြောလဲဆိုရင် ကျွန်မကိုယ်တိုင်လည်း အကြိမ်ကြိမ်လုပ်ခဲ့ဖူးလို့ပဲ။ ကျွန်မတို့မှာ တခြားပတ်ဝန်းကျင်တစ်ခုကို ရွေးချယ်ခွင့်ရှိတယ်။ ကိုယ့်ကို ပိုပြီးပြုစုပျိုးထောင်ပေးမယ့်၊ ပိုကောင်းလာစေမယ့် ပတ်ဝန်းကျင်ကို ရွေးချယ်ခွင့်ရှိတယ်။

အနာဂတ်ခေါင်းဆောင်တွေကို ပြောချင်တာက နောက်မျိုးဆက်အပါအဝင် ကျွန်မတို့အားလုံးဟာ၊ လူတိုင်းလူတိုင်းဟာ ရှင်သန်နေရတဲ့ ရည်ရွယ်ချက်တစ်ခုစီ ရှိကြတယ်။ မွေးလာပြီး ကမ္ဘာကြီးပေါ်မှာ ဒီအတိုင်းပဲ အသက်ရှိနေတာ မဟုတ်ဘူး။ ကိုယ်ပိုင်ဖြစ်တည်မှုတစ်ခုကို လောကကြီးအတွက်၊ ဒီကမ္ဘာကြီးအတွက်၊ ကိုယ့်အသိုက်အဝန်းအတွက်၊ ကိုယ့်မိသားစုအတွက် ဖြည့်ပေးတာပဲ။ ကျွန်မအမြင်မှာတော့ လူဆိုတာ ကိုယ့်ရဲ့ ကိုယ်ပိုင်ဖြစ်တည်မှုဟာ အတုမရှိဘူးဆိုတာကို အမှန်တကယ် သိမြင်လက်ခံဖို့က အရေးကြီးဆုံးပဲ။ ကျွန်မတို့အားလုံးဟာ ပြည့်စုံလုံလောက်တယ်၊ ထိုက်တန်မှုရှိတယ်။ ကျွန်မတို့ အားဖြည့်ကူညီရမယ့် ကိစ္စတွေ အများကြီးရှိတယ်။ ဒီလိုသာ တွေးမြင်လက်ခံနိုင်တယ်ဆိုရင် ကမ္ဘာကြီးက အများကြီးပိုပြီးနေလို့ကောင်းတဲ့ နေရာတစ်ခုဖြစ်နေမယ်လို့ ကျွန်မနဲ့ ကျွန်မရဲ့ client တွေကတော့ ယုံကြည်ပါတယ်။

——-

ကျွန်မတို့အားလုံးမှာ ဇာတ်လမ်းတွေရှိတယ်။ ကိုယ်က ဘယ်လိုလူပါ၊ ဘာတွေလုပ်တဲ့လူပါ၊ ပြီးတော့ လူ့အသိုင်းအဝိုင်းမှာ ဝင်ဆံ့တယ်၊ မဆံ့ဘူး ဆိုပြီး ကိုယ်တိုင်ဖန်တီးထားတဲ့ ကိုယ်တိုင်ရေးပုံပြင်တွေပေါ့။ ကျွန်မတို့ရဲ့ ဘဝဆိုတာ ကိုယ်တိုင်ဖန်တီးထားတဲ့ ဇာတ်လမ်းရှည်ကြီးတစ်ပုဒ်ပါပဲ။ အဲဒီထဲကမှ ဘယ်ဇာတ်လမ်းတွေအတိုင်း ယုံကြည်လျှောက်လှမ်းမယ်ဆိုတာကိုတော့ ကိုယ်တိုင်ရွေးချယ်ရမှာပဲ။

တစ်ခါတလေမှာ ကိုယ့်ရဲ့ ကိုယ်ပိုင်ဖြစ်တည်မှုအတိုင်း နေထိုင်နိုင်ဖို့ဆိုရင် ရဲစွမ်းသတ္တိရှိရှိနဲ့ ခြေလှမ်းငယ်လေး စလှမ်းဖို့လိုတယ်။ ကိုယ့်အမှန်တရားနဲ့ ကိုယ်နေထိုင်ပါ၊ လောကကြီးအတွက် ကိုယ့်မှာ ပေးစွမ်းစရာတွေ ရှိတယ်ဆိုတာ သိထားပါ။ ကိုယ့်ရဲ့ ကိုယ်ပိုင်အမှန်တရား၊ လမ်းလျှောက်ပုံ၊ စကားပြောပုံ၊ သူများတွေကို ဆက်ဆံပုံစတာတွေက ကိုယ်တောင်မသိလိုက်ဘဲနဲ့ သူများတွေအပေါ် ရိုက်ခတ်မှုရှိပြီး ဘေးပတ်ဝန်းကျင်က လူတွေအများကြီးရဲ့ ဘဝတွေကို ပြောင်းလဲပေးနိုင်ပါတယ်။

ကိုယ့်ရဲ့ ကိုယ်ပိုင်ဖြစ်တည်မှုကြောင့် စိတ်ရှိတဲ့အတိုင်း နေထိုင်လို့မရဘဲ ပြောင်းလဲဖို့လိုတယ်လို့ ခံစားနေရပြီဆိုရင် ဒီ episode က အကူအညီပေးနိုင်မှာပါ။

XO,

Arabelle