BHP44 - Solo

Finding Your Purpose Through Your Values

  • Listen now:

Are you not seeing results in your life? Are you in a space where you feel that things are just not working out? Or maybe, it’s like something is missing? What if I tell you, what you’re doing is not aligned with your values in life?

As humans, it’s normal to take on other people’s values. We may feel that what they’re doing is highly admirable that we inject it into our own system. But we’ll feel that our life is not aligned. That’s because we are not living our highest value.

When we do the inner work, go within, peel off the layers, and really know what our core values are, we get to link it to how we do life. Your values become your engine that drives you to live life with a purpose.

[ Burmese Transcript ]

ဒီနေ့တော့ တန်ဖိုးထားမှုအကြောင်း ဆွေးနွေးမှာပါ။ ကျွန်မရဲ့ client တွေကို မေးနေကျမေးခွန်းတွေရှိပေမယ့် ဒီနေ့မှာတော့ အားလုံးလိုက်ဖြေပြီး စဉ်းစားနိုင်မယ့် မေးခွန်းတချို့ကို ပြောပြချင်ပါတယ်။ ကိုယ့်ရဲ့ value system (တန်ဖိုးထားမှုစနစ်) ကို ဘယ်လိုပုံစံထားနိုင်သလဲဆိုတာကို အကြမ်းဖျင်းပဲဖြစ်ဖြစ် မြင်စေချင်တာပါ။ ကိုယ့်အတွက် အရေးအကြီးဆုံး စံတန်ဖိုးသုံးခုကို ချရေးလိုက်ပါ။ အတော်များများကတော့ မိသားစု၊ ရိုးသားမှု၊ ချစ်ခြင်းမေတ္တာ၊ တည်ကြည်ဖြောင့်မတ်မှုစတာတွေကို ရေးကြပါတယ်။ အများကြီး မစဉ်းစားပါနဲ့။ ကိုယ့်အတွက်အရေးအကြီးဆုံးလို့ယူဆတဲ့ တန်ဖိုးသုံးခုကို ခေါင်းထဲမှာချက်ချင်းပေါ်လာတဲ့အတိုင်း comment မှာ ရေးပေးသွားပါ။ ဒါမှ ကျွန်မပြောတဲ့အတိုင်းလုပ်ကြည့်ပြီးတဲ့အခါ ကိုယ်တကယ်တန်ဖိုးထားတဲ့အရာတွေက ကိုယ်ထင်ထားတာတွေ မဟုတ်ပါလားဆိုတာကို လက်တွေ့မြင်နိုင်မှာပါ။

အခုလက်ရှိ ကိုယ့်မှာ ကိုယ်တန်ဖိုးထားတဲ့အရာတွေ ရှိနေမှန်း ကိုယ့်ဟာကိုယ်လည်းသိမှာပါ။ ကိုယ့်ရဲ့ အထင်အတိုင်း ရှိနေတာတွေပေါ့။

အခု ကျွန်မက အားလုံးအတွက် မေးခွန်းတချို့ပေးပါမယ်။ လိုက်ချရေးထားပြီးတော့ ဖြေဖို့အတွက် စက္ကန့်အနည်းငယ် အချိန်ပေးမှာပါ။ ချရေးပြီးရင် ဖြေကြည့်ပါ။

၁။ ပထမဆုံးမေးချင်တာကတော့ ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာနေရာတစ်ခု (physical space) အကြောင်း တွေးကြည့်ပါ။ ကိုယ့်အနေနဲ့ အရမ်းသဘောကျတဲ့ physical space၊ အချိန်အများစုမှာ သွားသွားနေဖြစ်တဲ့ physical space ဖြစ်ရပါမယ်။ ကိုယ့်အတွက် ဘေးကင်းလုံခြုံပြီး သက်တောင့်သက်သာရှိတယ်လို့ အပြည့်အဝခံစားရတဲ့ နေရာမျိုးပေါ့။ ရုံးပဲဖြစ်ဖြစ်၊ ရုံးက ထောင့်တစ်နေရာလေးပဲဖြစ်ဖြစ်၊ အိပ်ခန်းပဲဖြစ်ဖြစ်၊ ဧည့်ခန်းပဲဖြစ်ဖြစ်ပါ။ အခုတွေးရမှာက အဲဒီ ကိုယ်အကြိုက်ဆုံးနေရာမှာ ဘယ်လိုပစ္စည်းတွေ ထားထားတာလဲ။ ၃ ခုပဲ ဖြေပါ။ မေးခွန်းတိုင်းမှာ အဖြေကွဲ ၃ ခု ရှိပါလိမ့်မယ်။ မစဉ်းစားဘဲ ခေါင်းထဲပေါ်လာတာကိုသာ ချက်ချင်းချရေးပါ။ ကျွန်မကတော့ ကိုယ်ကြိုက်တဲ့နေရာမှာ အမြဲတမ်းထားတာ laptop နဲ့ ကွန်ပြူတာပါ။ ပြီးတော့ နောက်တစ်မျိုးက နေ့စဉ်မှတ်တမ်းပေါ့။ ပြီးတော့ လှတပတပစ္စည်းလေးတွေလည်း ထားပါတယ်။ ပန်းတို့၊ ပန်းချီကားတို့၊ ဒါမှမဟုတ် အရောင်တွေချည်းသက်သက်ပဲဆိုရင်တောင် ဘေးပတ်ဝန်းကျင်ကို လှလှလေးပြင်ထားရတာ ကြိုက်ပါတယ်။ ကျွန်မရဲ့ အဖြေသုံးခုကတော့ အဲဒါပါပဲ။

၂။ စဉ်းစားပြီးချရေးစေချင်တဲ့ ဒုတိယမေးခွန်းကတော့ ဘာနဲ့ပတ်သက်ပြီး ပိုက်ဆံအသုံးအများဆုံးလဲ။ မီတာခတွေ၊ တခြားစရိတ်စကတွေကတော့ ပေးရတာပေါ့။ ဒါပေမဲ့ အဲဒီလို မဖြစ်မနေပေးရမယ့်ဟာမျိုး မဟုတ်ဘဲ ပိုက်ဆံသုံးနေကျအရာတွေက ဘာတွေလဲ။ ၃ မျိုးပေါ့။

၃။ တတိယမေးခွန်းကတော့ ဘယ်နေရာမှာ အချိန်သုံးဖြစ်လဲ။ သူငယ်ချင်းတွေနဲ့ တွေ့တာပဲဖြစ်ဖြစ်၊ တစ်ခုခုကို လေ့လာတာပဲဖြစ်ဖြစ် ဖြေလို့ရပါတယ်။ အလုပ်လုပ်နေတဲ့သူဆိုရင် အလုပ်ကိုထည့်မစဉ်းစားပါနဲ့၊ ဒါကျ လုပ်ကိုလုပ်ရမှာကိုး။ အလုပ်မဟုတ်ဘဲ တခြား ဘယ်လိုအရာတွေအတွက် အချိန်ကိုအသုံးအချဖြစ်ဆုံးလဲ။ အများကြီး မစဉ်းစားနဲ့နော်။ ခေါင်းထဲမှာချက်ချင်းပေါ်လာတာတွေပဲ ချရေးပါ။

၄။ စတုတ္ထမေးခွန်းကတော့ ကိုယ့်အတွက် အားအဖြစ်စေဆုံးအရာက ဘာလဲ။ သဘောကတော့ ဘယ်လိုကိစ္စမျိုးကို လုပ်ပြီးရင် အားတက်တယ်လို့ ခံစားရလဲ။ အမြဲတမ်း တက်တက်ကြွကြွနဲ့ လုပ်ချင်နေတဲ့ကိစ္စက ဘာတွေလဲ။

၅။ နောက်ဆုံးမေးခွန်းကတော့ ကိုယ့်စိတ်ထဲမှာ ကိုယ့်ဟာကိုယ်စကားပြောရင် ဘယ်လိုအကြောင်းတွေ အပြောဖြစ်ဆုံးလဲ။ ဘေးနား ဘယ်သူမှမရှိချိန်၊ ကားမောင်းနေချိန်၊ အလုပ်အသွားအပြန်ချိန်၊ အိပ်ရာထဲလှဲနေချိန်၊ တီဗီကြည့်နေချိန်မှာ ကိုယ့်စိတ်ထဲမှာ ကိုယ့်ဟာကိုယ်စကားပြန်ပြောဖြစ်ရင် ဘာအကြောင်းပြောလဲ။ ကျွန်မကတော့ ကိုယ့်ရဲ့ vision (ရည်မှန်းချက်ရူပါရုံ) တွေအကြောင်း ပြောဖြစ်တယ်။ Project အသစ်တွေ လုပ်ဖို့ပေါ့။ ဒီနောက်ဆုံးမေးခွန်းက ကျွန်မအတွက်ကတော့ ဖန်တီးမှုတွေလုပ်တဲ့အခါ ကိုယ့်ရဲ့အတွေးတွေကို ပိုပြီး သတိကပ်ပြီး မြင်နိုင်ဖို့နဲ့ အဲဒီကနေတစ်ဆင့် ဖန်တီးမှုတွေကို ပိုပြီးထိန်းကွပ်နိုင်လာဖို့ပါပဲ။ ကိုယ့်အတွက်ဆိုရင်ရော အဖြေက ဘာဖြစ်မယ်ထင်လဲ။

အခု ကိုယ့်တန်ဖိုးတွေကို အကြမ်းဖျင်းမြင်နိုင်လောက်ပြီ၊ နည်းနည်းပါးပါးနားလည်လောက်ပြီလို့ ထင်ပါတယ်။ နောက်ထပ် ဘာဆက်လုပ်ရမလဲဆိုတော့ ကိုယ့်အဖြေတွေထဲမှာ အဖြေအမျိုးမျိုးပါသလို ထပ်နေတာတွေလည်း ပါရင်ပါမှာပဲ။ ပါတာ ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ အဖြေတွေကို အမျိုးအစားခွဲကြည့်ပါ။ ဘယ်လိုအမျိုးအစားတွေ ခွဲရမလဲဆိုတာ အခုပြောပြမယ်၊ အမြန်လိုက်ရေးထားပေါ့။ ပြီးမှ ကိုယ်လုပ်ချင်တဲ့အချိန်မှာ ကိုယ်ကြိုက်သလို အမျိုးအစားပြန်ခွဲကြည့်လို့ ရပါတယ်။

ပုဂ္ဂလနဲ့ ဝိညာဉ်ရေးရာ ဖွံ့ဖြိုးစေမှု

ပထမဆုံးကတော့ ပုဂ္ဂလနဲ့ ဝိညာဉ်ရေးရာ ဖွံ့ဖြိုးစေမှု ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း တိုးတက်မှုရှိနေအောင် လုပ်တာကို ပြောချင်တာပါ။ ဝိညာဉ်ရေးရာဖွံ့ဖြိုးမှုဆိုတာကတော့ ဘုရားသခင်နဲ့ဖြစ်ဖြစ်၊ ရင်းမြစ်တရားနဲ့ဖြစ်ဖြစ် ကိုယ်ယုံကြည်ရာနဲ့ ဆက်နွှယ်မှုဖန်တီးတာပါ။ ကိုယ့်ဖြစ်တည်မှုနဲ့ကိုယ် ဆက်နွှယ်မှုဖန်တီးတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်ဘဝရဲ့ ဘက်ပေါင်းစုံမှာ တိုးတက်ဖွံ့ဖြိုးမှုရှိလာအောင် လုပ်တာပေါ့။ ဒါ ပုဂ္ဂလနဲ့ ဝိညာဉ်ရေးရာ ဖွံ့ဖြိုးစေမှုဖြစ်ပြီး အမျိုးအစား နံပါတ် ၁ ဖြစ်ပါတယ်။

အလုပ်အကိုင်လမ်းကြောင်း ဒါမှမဟုတ် စီးပွားရေး

နံပါတ် ၂ ကတော့ အလုပ်အကိုင်လမ်းကြောင်း ဒါမှမဟုတ် စီးပွားရေးပါ။ ကိုယ့်ရဲ့ အလုပ်အကိုင်လမ်းကြောင်းကိုဖြစ်ဖြစ်၊ စီးပွားရေးကိုဖြစ်ဖြစ် ခိုင်မာလာအောင် တည်ဆောက်တာပေါ့။

ငွေကြေး

နံပါတ် ၃ ကတော့ ငွေရေးကြေးရေးပါ။

လူမှုရေး

နံပါတ် ၄ ကတော့ လူမှုရေးဖြစ်ပါတယ်။ လူမှုရေးလို့ပြောတဲ့နေရာမှာ အမျိုးမျိုးဖြစ်နိုင်တယ်။ တခြားသူတွေနဲ့ ဆက်ဆံပြောဆိုတာ၊ လူတွေအများကြီးနဲ့ တွေ့ဖြစ်တာ၊ ဆက်နွှယ်မှုရှိတယ်၊ အသိုက်အဝန်းတစ်ခုရဲ့ အဖွဲ့ဝင်တွေဖြစ်တယ်လို့ ခံစားရတာတွေ ပါပါတယ်။ လူမှုရေးအရ ဩဇာလွှမ်းနိုင်ဖို့အတွက် ကိုယ့်အသိုက်အဝန်းထဲမှာ ခေါင်းဆောင်တစ်ဦးအဖြစ် နေရာတည်ဆောက်တာဟာလည်း လူမှုရေးပါပဲ။ ဒါတွေအကုန်လုံး လူမှုရေးဆိုတဲ့ အမျိုးအစားအောက်မှာ ပါပါတယ်။

ဘဝနေထိုင်နည်း

နောက်တစ်ခုကတော့ ဘဝနေထိုင်နည်းပါ။ အားလုံးသိထားသလိုပဲ ဒီမှာတော့ ခရီးသွားတာတွေ၊ ဇိမ်ခံပစ္စည်းတွေ ပါပါတယ်။

ကျန်းမာရေးနဲ့ ကာယစိတ္တသုခ

နောက်ဆုံးကတော့ ကျန်းမာရေးနဲ့ ကာယစိတ္တသုခ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ကာယစိတ္တသုခလို့ ပြောတဲ့နေရာမှာ ကျန်းမာရေးနဲ့ညီတဲ့ အစားအသောက်တွေစားတာ၊ ကိုယ်ကာယလေ့ကျင့်ခန်းတွေ လုပ်တာ၊ ဒါတွေ ပါပါတယ်။ ဘက်စုံကျန်းမာရေးကောင်းနေတာမျိုးကို ပြောချင်တာပါ။

ဒီအမျိုးအစားတွေက ယေဘုယျဆန်နေပါသေးတယ်။ ဒါပေမဲ့ ကိုယ့်အဖြေတွေကို ဒီလို အမျိုးအစားခွဲကြည့်လိုက်တာနဲ့ အရင်က ကိုယ်တန်ဖိုးထားတယ်လို့ ထင်ခဲ့တဲ့အရာတွေက တကယ်တမ်းမှာ အခုအဖြေတွေနဲ့ လုံးဝကိုကွဲပြားနေတာ တွေ့မှာပါ။ အခု အမျိုးအစား စခွဲကြည့်ပါ။ နောက်ဆုံးလုပ်ရမှာကတော့ ဒီထဲကနေမှ တန်ဖိုးအထားဆုံးအရာ ၃ ခုကို မြင့်စဉ်နိမ့်လိုက်စီရမှာဖြစ်ပါတယ်။

ဒီကနေ ဘယ်လိုအကျိုးတွေရနိုင်မလဲဆိုတော့ ပထမဆုံးက ကိုယ့်အနေနဲ့ တန်ဖိုးအထားဆုံးအရာကို ကြည့်ပြီး အံ့ဩသွားနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ထုတ်ရမယ့်မေးခွန်းက ကိုယ်လုပ်နေသမျှအရာအားလုံးက ဒီစံတန်ဖိုးတွေနဲ့ ကိုက်ညီရဲ့လား ဆိုတာပါပဲ။ ဘာလို့လဲဆိုတော့ ဒီတန်ဖိုးတွေဟာ ကိုယ်တိုင်တောင်မသိလိုက်ဘဲ မသိစိတ်ထဲမှာရှိနေနိုင်တဲ့ တန်ဖိုးတွေ ဖြစ်ပါတယ်။ လူသားတစ်ဦးအနေနဲ့ ကိုယ့်ရဲ့တန်ဖိုးတွေလို့ ယူဆပြီး သတ်မှတ်လိုက်တဲ့အရာတွေဟာ တကယ်တမ်းမှာတော့ တခြားသူတွေရဲ့ စံတန်ဖိုးတွေ ဖြစ်နေတတ်ပါတယ်။ ဒါ ပုံမှန်ပါပဲ၊ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါ။ ကျွန်မကိုယ်တိုင်လည်း အခုလို နားလည်သဘောမပေါက်ခင် ဖြစ်ခဲ့ဖူးပါတယ်။ သူတို့လက်ခံထားတာတွေ၊ ပြောပြသင်ပြနေတာတွေက အရေးကြီးတယ်လို့ ခံယူပြီး ကိုယ့်ကိုယ်ကိုယ် အဲဒီဘောင်ထဲထည့်လိုက်မိတာမျိုးပါ။ တခြားသူတွေရဲ့ စံတန်ဖိုးတွေကို ကိုယ့်စနစ်ထဲ ထည့်သုံးမိတာမျိုးပေါ့။ ဒီလိုထည့်လိုက်မိတဲ့အခါ ကိုယ့်ဘဝက တစ်ခုခုလမ်းလွဲနေသလို ခံစားရတော့တာပါပဲ။ မပြည့်စုံဘဲ တစ်ခုခုဟာနေသလို ခံစားလာရမယ်။ အကြောင်းကတော့ ကိုယ်တန်ဖိုးအထားဆုံးအရာအတိုင်း လိုက်လျှောက်ပြီး အသက်ရှင်သန်နေတာ မဟုတ်လို့ပေါ့။ နောက်တစ်ခုက ကိုယ့်ရဲ့ စံတန်ဖိုးတွေကို ကိုယ်တိုင် သိနားလည်လာပြီဆိုရင် ပါးစပ်က တစ်ခုခုကိုပြောနေပေမယ့် မသိစိတ်လုပ်ရပ်တွေမှာတော့ ပြောနေတဲ့အတိုင်း ထပ်တူကျချင်မှကျတာကို မြင်နိုင်လာပါလိမ့်မယ်။ တစ်ခုပြောပြပါမယ်၊ ဘဝမှာ လိုချင်တဲ့ရလဒ်တွေကို မရယူနိုင်သေးဘူးဆိုရင်၊ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်မလာနိုင်သေးဘူးဆိုရင် ကိုယ့်နှုတ်ကပြောနေတာနဲ့ မသိစိတ်ကနေ တကယ်လုပ်နေတာနှစ်မျိုးက လုံးလုံးကြီးကွဲပြားနေတာမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့်ပဲ ကိုယ့်စိတ်ကိုယ် နက်နက်ရှိုင်းရှိုင်းနားလည်အောင်လုပ်ဖို့ တဖွဖွတိုက်တွန်းနေရတာပါ။ မသိစိတ်ထဲထိဝင်ပြီး ကိုယ်က ဘာလို့ အခုလိုဖြစ်နေတယ်၊ အခုလိုတွေးနေတယ်၊ အခုလိုပြုမူနေတယ်ဆိုတာကို သေသေချာချာ နားလည်အောင်လုပ်စေချင်ပါတယ်။ ကိုယ့်ရဲ့ မသိစိတ်အခြေခံတဲ့ အပြုအမူတွေကို လမ်းကြောင်းပေးနေတဲ့ စံတန်ဖိုးတွေက ဘာတွေလဲ။

ဒါကို နားလည်ပြီ ဆိုကြပါစို့။ နောက်ဆုံးကတော့ ကိုယ့်ရဲ့ အမြင့်ဆုံးစံတန်ဖိုးသုံးခုကို သိသွားပြီဆိုရင် ဒီအသိကို လက်တွေ့ဘဝမှာ ဘယ်လိုပြန်အသုံးချမလဲ။ ဒါကို စဉ်းစားရမှာဖြစ်ပါတယ်။ တစ်ခုတည်းသော လုပ်ရမယ့်အရာကတော့ ကိုယ်ဘာပဲလုပ်လုပ် စံတန်ဖိုးတွေနဲ့ အချိတ်အဆက်ရှိစေဖို့ အမှတ်ရဖို့ပါပဲ။ ဒီလိုမျိုး ချိတ်ဆက်ကြည့်နိုင်ပြီဆိုတာနဲ့ ကိုယ်လုပ်နေတဲ့အရာက ကိုယ့်စံတန်ဖိုးတွေနဲ့ ကိုက်ညီမှု ရှိလား၊ မရှိဘူးလား ဆိုတာကို မြင်နိုင်ပြီး ဆက်မလုပ်တော့ဘဲ ရပ်လိုက်မလား၊ ဒါမှမဟုတ် ဆက်လုပ်နေပြီး ဘဝမှာ တစ်ခုခုလစ်ဟင်းနေတဲ့ ခံစားချက်ကို ဆက်ပြီးဆုပ်ကိုင်ထားမလား ရွေးချယ်နိုင်လာပါလိမ့်မယ်။ ဘဝမှာ စံတန်ဖိုးတွေက အရမ်းအရေးကြီးပါတယ်။ အခု အားလုံးအနေနဲ့ ဒါကို သိသွားသလို နားလည်းလည်ပါပြီ။ ကိုယ့်ဘဝမှာ၊ ကိုယ့်စီးပွားရေးမှာ အများကြီးအထောက်အကူဖြစ်ပါလိမ့်မယ်။