BHP26 - Solo

Overcoming the Victim Mentality

Listen now:

A lot of us have stories of not living the life we desire because we believe that we are a victim of life – a victim of a bad childhood, an unhappy relationship, a victim of circumstance.

If we allow these stories to take charge of our life,  our subconscious will always be dictating our every thought, emotions, behaviors, actions, and experiences. As a result, it will create the reality that we live in today.

What if the struggles that we think are struggles are just illusions? What if it all really depends on our perception? What if it is our perception that creates those struggles in our life?

If that is the case, that means we get to change our perception. When we change our perception, then we get to change what we experience.

Timestamps

00:39 Being a victim of life

03:31 We give meaning to our life experiences

06:43 We are the common denominator of the experiences we create

08:53 Dealing with resistance

10:24 Are we ready for what we desire?

12:07 Being a vibrational match to what we want to call in

Thank you so much for tuning in. I’m very honoured that you’re here and I’d love to hear your thoughts on our conversation. I read all the comments here. If you love this podcast, please give us a 5-Star Rating in iTunes. It would help us HUGELY to spread the message.

[ Burmese Transcript ]

ဒီနေ့မှာတော့ ကျွန်မတို့ဟာ ဘဝမှာ အခက်အခဲတွေကို ကိုယ့်ဟာကိုယ် ဖန်တီးမိပြီး ဒီဟာတွေကို ကြုံတွေ့ခံစားရတာဟာလည်း တကယ်အစစ်အမှန်ဖြစ်နေတာပဲလို့ ထင်ယောင်မှားတတ်ကြမိကြောင်းကို ပြောမှာဖြစ်ပါတယ်။ သင်တို့ရဲ့ လူသားတစ်ယောက်အနေနဲ့ ခံစားမှုအတွေ့အကြုံကို နှိမ်ချတာမျိုးမရှိဘဲ ဒီအကြောင်းကို ရှင်းပြသွားမှာပါ။

နောက်ခံဇာတ်လမ်းကို နည်းနည်းလောက် ပြောပါရစေ။ ကျွန်မရဲ့ client တစ်ယောက်က ဒီနေ့ ဒီအချိန်မှာ သူဟာ သူရောက်ချင်တဲ့နေရာကို မရောက်နိုင်သေးဘဲ သူ့ရဲ့ မိတ်ဆွေတွေနဲ့ယှဉ်လိုက်ရင် နောက်ကျကျန်နေတယ်လို့ ခံစားနေရကြောင်း၊ ဘဝမှာလည်း သူလိုချင်တာတွေကို ဖန်တီးယူနိုင်တဲ့အစွမ်းအစမရှိကြောင်း ပြောလာပါတယ်။ သူ ဒီလိုဖြစ်ရတာဟာ သူ့ရဲ့ ငယ်ဘဝ၊ မိဘတွေ၊ ငယ်ငယ်တုန်းက အတူတူကြီးပြင်းလာကြသူတွေကြောင့်လို့ အပြစ်ဖို့ပါတယ်။ ဒီဇာတ်လမ်းတစ်ခုလုံးမှာ သူက Victim (ထိခိုက်သူ)ပေါ့။

လူအတော်များများမှာ ဒီလိုဇာတ်လမ်းတွေ ရှိကြမှာပါ။ ငါကတော့ ဒီအခွင့်အရေးမရလို့ ဒါကိုတော့ မလုပ်နိုင်တော့ပါဘူး တို့၊ ငါ့ကို အားပေးဖေးမမယ့်လူမရှိလို့ ငါ ခရီးရောက်သင့်သလောက် မရောက်ဘူး တို့၊ ငါ့လက်တွဲဖော်က မဖေးမလို့၊ ငါ့မိဘတွေက ဆိုးလို့ ငါ့မှာ အစွမ်းအစမရှိဘူး တို့ ဆိုတာမျိုးတွေပေါ့။ သင်တို့ အခုကြုံနေရတဲ့၊ ကြုံခဲ့ဖူးတဲ့ ခံစားချက်အတွေ့အကြုံကို ဘာမှမဟုတ်ပါဘူးကွာ လို့ ပြောနေတာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မ လူအတော်များများပြောတာတွေကို နားထောင်ပြီး သတိထားမိလာတာတစ်ခုက ကျွန်မတို့က ဒီလို ကိုယ့်ကိုယ်ကိုယ် Victim (ထိခိုက်သူ)အဖြစ်ပုံဖော်ထားတဲ့ ဇာတ်လမ်းတွေကို အကြောင်းအမျိုးမျိုးနဲ့ ခင်းတတ်ကြတယ်။ တစ်ခါတလေကျရင် သူများဆီက မေတ္တာရတယ်လို့ ခံစားရလို့ လုပ်ကြတယ်။ တစ်ယောက်ယောက်က စိတ်မချမ်းမြေ့စရာကိစ္စ ကြီးကြီးမားမားတစ်ခုကို ခံစားနေရတယ်ဆိုရင် ကျွန်မတို့အနေနဲ့ သူ့အတွက် စိတ်မကောင်းဖြစ်ပေးတတ်ကြတယ်လေ။ တစ်ခါတလေကျရင် သူတို့ခံစားနေရတဲ့ နာကျင်မှုဝေဒနာကနေ လွတ်အောင် ကယ်တင်ချင်တယ်။ တစ်ခါတလေကျ လူတွေက သူတို့ကိုဂရုစိုက်ပေးတော့မယ်လို့ ခံစားရလို့ လုပ်ကြတာမျိုးလည်း ရှိတယ်။ တချို့လူတွေကျတော့ ဒီလိုနေရာရောက်နေတာကို မကြိုက်တာတော့ မကြိုက်ပေမယ့် တစ်သက်တာလုံး ဒီတိုင်းပဲနေလာခဲ့ရတဲ့ ဒီနေရာမှာ လုံခြုံတယ်လို့ခံစားရလို့ လုပ်ကြတာမျိုး ရှိတယ်။ လူတွေကို ကိုယ့်ကိုယ်ကိုယ် အဲဒီလိုပုံဖော်လိုက်ကြတာ။ တချို့သူတွေကကျတော့ ကိုယ့်ကိစ္စကိုယ်၊ ကိုယ့်လုပ်ရပ်ကိုယ် တာဝန်မယူချင်လို့ ခေါင်းရှောင်တဲ့အနေနဲ့ လုပ်ကြတာရှိတယ်။ ဒီလိုဆိုရင် သူတို့အနေနဲ့ ရင်ဆိုင်စရာ မလိုတော့ဘူးလေ။

ဒါတွေအကုန်လုံးက မသိစိတ်မှာ ဖြစ်ပျက်နေတာပါ။ တစ်ခါတလေကျရင် တွေးမိပြီးလုပ်မိတာမျိုး မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မတို့ရဲ့ အတွေးတိုင်း၊ ခံစားချက်တိုင်း၊ အပြုအမူတိုင်း၊ လုပ်ရပ်တိုင်း၊ တွေ့ကြုံခံစားမှုတိုင်းကို မသိစိတ်ကနေ အမြဲတမ်း လွှမ်းမိုးထားမှာပဲ။ အဲဒါရဲ့ ရလဒ်ကတော့ အခု ကျွန်မတို့ တွေ့ကြုံခံစားပြီး ရှင်သန်နေထိုင်နေတဲ့ အရှိတရားဆိုတာကြီး ဖြစ်လာတာပဲ။ ကျွန်မတို့က ကိုယ့်ကိုယ်ကိုယ် သူရဲကောင်းအရာသွင်းချင်လို့ Victim (ထိခိုက်သူ)အဖြစ် အရင်ပုံဖော်ကြတာ။ ဒါပေမဲ့ ဒါဟာ သူများတွေပုံသွင်းထားတဲ့ ယုံကြည်မှုစနစ်တစ်ခုသက်သက်ပါပဲ။ ကျွန်မတို့အနေနဲ့ အောင်မြင်မှုရရှိဖို့အတွက် ထိခိုက်ခဲ့ဖူးစရာ မလိုပါဘူး။ ဘယ်လို အောင်မြင်မှုမျိုးပဲဖြစ်ဖြစ် အကုန်ပါပါတယ်။

ကျွန်မတို့ရဲ့ဘဝမှာ အခက်အခဲတွေနဲ့ ရုန်းကန်နေရတာဟာ ကျွန်မတို့ရဲ့ ဘဝအပေါ် ရှုမြင်ပုံကြောင့်လို့ တွေးကြည့်ပါလား။ အဲဒီလိုဆိုရင် ကျွန်မတို့က ကိုယ့်ရဲ့ရှုမြင်ပုံကို ပြောင်းပစ်လို့ရတယ်။ ကိုယ့်အမြင်ကိုယ် ပြောင်းလိုက်တဲ့အခါ ကြုံတွေ့ခံစားရမှုကလည်း လိုက်ပြီးပြောင်းသွားမှာပဲ။ ဘဝမှာ ကြုံရတဲ့ အဖြစ်သနစ်တွေအပေါ် ရှုမြင်ခံစားတဲ့ပုံ အမျိုးမျိုးကွဲကြတယ်။ ကိုယ့်အနေနဲ့ ခက်ခဲတယ်လို့ မြင်ရင်တော့ ခက်ခဲနေမှာပဲ။

ဟင်နရီဖို့ဒ်က ဘာပြောလဲဆိုရင် “ခင်ဗျားအနေနဲ့ ငါလုပ်နိုင်ပါတယ်လို့ ထင်ထင်၊ မလုပ်နိုင်ပါဘူးကွာလို့ပဲ ထင်ထင် မှန်ပါတယ်” တဲ့။ သဘောကတော့ ကျွန်မတို့က ကိုယ့်အရှိတရားကို ကိုယ့်ရှုမြင်ပုံနဲ့ ပုံဖော်တာပဲ။ ဒါကို ကျွန်မတို့အားလုံးသိတယ်။ ဒီအကြောင်းကို အားလုံးပဲ ကြားဖူးတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ ဆက်ပြီး ခက်ခဲရုန်းကန်နေရတာလဲ။

ပထမတစ်ချက်ကတော့ ကျွန်မတို့က ဘဝမှာ ကိုယ်ကြုံရတဲ့ အတွေ့အကြုံကို အဓိပ္ပါယ်တစ်ခု ပေးလိုက်လို့ပါပဲ။ ကောင်းတာလား၊ ဆိုးတာလား သတ်မှတ်လိုက်တယ်။ အများအားဖြင့်ကတော့ မကောင်းဘူးလို့ သတ်မှတ်မိကြတာ များပါတယ်။ မေတ္တာလိုချင်လို့ ကိုယ့်ကိုယ်ကိုယ် Victim (ထိခိုက်သူ) အဖြစ်ပုံဖော်တတ်တဲ့ဉာဉ်ရှိတော့ ဒီလိုပဲ မြင်မိ သတ်မှတ်မိတော့တာပေါ့။ သူများတွေက ကိုယ့်ကို လက်ခံပေးကြတယ်ဆိုရင် ကိုယ့်လုပ်ရပ်ကိုယ် တာဝန်ယူစရာ မလိုတော့ဘူးလေ။ ဒါပေမဲ့ ကျွန်မတို့အနေနဲ့ ကိုယ်ကြုံရတဲ့ တွေ့ကြုံခံစားမှုတွေဟာ ကောင်းလား၊ ဆိုးလား အဓိပ္ပါယ်တွေ သတ်မှတ်ပေးပြီဆိုရင် အဲဒီနှစ်ခုကြား အဖြူအမည်းသဲကွဲသွားပြီး ကျွန်မတို့ရဲ့ ခံစားမှုတွေအပေါ် ကြိုးကိုင်လာတော့မှာ ဖြစ်ပါတယ်။

ဒီတော့ ခုနကမေးခွန်းကို ပြန်ဆက်ရရင် ကျွန်မတို့ ဘဝမှာ ကြုံတွေ့နေရတဲ့ ရုန်းကန်ရမှုတွေအားလုံးက အစစ်အမှန်မဟုတ်ဘူး ဆိုရင်ရော။ ရုန်းကန်နေရတယ်လို့ ထင်ရတဲ့အရာတွေက ကိုယ့်ဟာကိုယ် ဖန်တီးမိထားတဲ့ တံလျှပ်တွေပါ ဆိုရင်ရော။ ကျွန်မတို့ရဲ့ ရှုမြင်ခံစားပုံအပေါ်မှာပဲ အရာရာက တည်မှီနေတာပါ ဆိုရင်ရော။ ကိုယ့်ရှုမြင်ပုံကို ပြောင်းလဲပစ်လိုက်ရင် ဘာဖြစ်နိုင်မလဲ။ လက်တွေ့လောကမှာ ကိုယ်တိုင်ဖန်တီး တွေ့ကြုံခံစားရတဲ့ အရာတွေကို ခြယ်လှယ်လို့ရတာပေါ့။ ကျွန်မတို့က ဘဝဆိုတာ အခက်အခဲရှိမှ ဘဝလို့ခေါ်တာ ဆိုပြီး ကိုယ့်အတွေးကိုယ် ပုံသွင်းထားမိတတ်ကြပါတယ်။ ဘယ်အရာမဆို လိုချင်ရင် ခက်ခက်ခဲခဲ ကြိုးပမ်းရမယ် ပေါ့။ ရုန်းကန်ကြရတယ်၊ စိန်ခေါ်မှုတွေကို ကျော်လွှားသွားရတယ်။ ဒါမှပဲ ပြေးလမ်းအဆုံးမှာ ပျော်ရွှင်မှုဖြစ်ဖြစ်၊ အောင်မြင်မှုဖြစ်ဖြစ်၊ အေးငြိမ်းကြွယ်ဝမှုပဲဖြစ်ဖြစ်၊ ငွေကြေးပဲဖြစ်ဖြစ်၊ ချစ်ခြင်းမေတ္တာပဲဖြစ်ဖြစ် ရရှိတဲ့အချိန်မှာ ငါက ဒါကိုရဖို့ ထိုက်တန်ပါတယ် လို့ ခံစားရမှာကိုး။ “ငါ ဒီလိုတွေကြိုးစားရုန်းကန်ခဲ့လို့ အခု ပျော်ပျော်ြကီး အသီးအပွင့်ခံစားလို့ရပြီပဲ” ဆိုပြီး တွေးနိုင်မှာကိုး။ ဒါတွေအကုန်လုံးက ကိုယ့်ဟာကိုယ်ပုံသွင်းထားတဲ့ အတွေးတွေချည်းပါပဲ။

အဲဒီလို မတွေးတော့ဘဲ ပြောင်းပစ်လိုက်မယ်ဆိုရင်ရော။ ဘယ်အရာကိုပဲဖြစ်ဖြစ် ကြုံရတာနဲ့ “ငါ ဆန္ဒရှိသလောက် အောင်မြင်လို့ရတယ်။ ငါ ပျော်လို့ရတယ်။ ဘဝကို လွယ်လွယ်လေးဖြတ်သန်းသွားလို့ရတယ်။ ငါ့စိတ်နဲ့ငါ စီးမျောသွားလို့ရတယ်။ ငါလိုချင်တာဘာမဆို ငါရဖို့ထိုက်တန်တယ်” လို့ တွေးကြည့်ပါ။ ကျွန်မ အဲဒီလိုပြောလိုက်ရင် လူအတော်များများက “မဖြစ်နိုင်တာတွေ လျှောက်ပြောနေတာပဲ။ တကယ်တမ်း လက်တွေ့မှမကျတာ” လို့ ပြန်ပြောတတ်ကြပါတယ်။ စကားမစပ်ပြောရရင် အဲဒါတွေအကုန်လုံးက ယုံကြည်မှုတွေ သက်သက်ပါပဲ။ ဟုတ်ပါတယ်၊ ကျွန်မတို့အနေနဲ့ ရုန်းကန်ရတာတွေ ရှိဦးမှာပါ၊ စိန်ခေါ်မှုတွေ ရင်ဆိုင် ကျော်လွှားရဦးမှာပါ၊ ဘဝမှာ ခက်ခက်ခဲခဲဖြတ်ကျော်ရတဲ့ အခိုက်အတန့်တွေ ကြုံရဦးမှာပါ။ ဒါပေမဲ့ အဲဒါတွေကို ရင်ဆိုင်ရာမှာ ဘယ်လောက်ခက်ခဲတယ်ဆိုတာကတော့ ကျွန်မတို့အနေနဲ့ အဲဒီ တွေ့ကြုံခံစားရမှုအပေါ် ဘယ်လောက် အားသုံးမလဲ၊ ဘယ်လောက် အာရုံစိုက်မလဲ၊ ဘယ်လောက်ထိ အဓိပ္ပါယ်လေးနက်ပြည့်ဝတယ်လို့ သတ်မှတ်မလဲဆိုတာပေါ် မူတည်ပါလိမ့်မယ်။

ကျွန်မပြောချင်တဲ့ အဓိကလိုရင်းကို ဘက်ပေါင်းစုံကနေကြည့်ပြီး ပြောပြနေပေမယ့် ရိုးရိုးရှင်းရှင်း အချက်လေးတစ်ချက်နဲ့ အနှစ်ချုပ်လို့ရပါတယ်။ တစ်ခုခုကြုံလာရရင် တခြားတစ်ဘက်က နောက်အမြင်တစ်မျိုးနဲ့ ပြောင်းပြီးကြည့်ဖို့ ကြိုးစားပါ။ ကိုယ်တိုင် တွေ့ကြုံခံစားနေရတဲ့အရာကို ဘာမှမဟုတ်ပါဘူးကွာ လို့ တွေးပစ်တာမျိုးမလုပ်ဘဲ ဘာအရောင်မှမဆိုးထားတဲ့ အမြင်နဲ့ပဲ ကြည့်ဖို့ကြိုးစားပါ။ ကျွန်မတို့ ကိုယ်တိုင်ဖန်တီးတဲ့ တွေ့ကြုံခံစားရမှုတွေအားလုံး၊ အခြေအနေတွေအားလုံး၊ လူကောင်းပဲဖြစ်ဖြစ် လူဆိုးပဲဖြစ်ဖြစ် ကျွန်မတို့ အဓိပ္ပါယ်သတ်မှတ်ခဲ့တာအားလုံး၊ ငွေအကြွေးတင်တာလို အခက်အခဲတွေပဲဖြစ်ဖြစ်၊ အောင်မြင်တာပဲဖြစ်ဖြစ် ကျရှုံးတာပဲဖြစ်ဖြစ် အရာအားလုံးမှာ ဘုံပိုင်းခြေက ကျွန်မတို့ဖြစ်ပါတယ် ဆိုတဲ့ အမှန်တရားကို မြင်အောင်ကြည့်ပါ။ ကျွန်မတို့ရဲ့ လက်တွေ့အရှိတရားမှာ ကိုယ်တိုင်ဖန်တီးသမျှ အရာအားလုံး၊ ကျွန်မတို့ တွေ့ကြုံခံစားနေရတာတွေအားလုံးဟာ ကျွန်မတို့ကိုယ်တိုင်အပေါ် တည်မှီနေပါတယ်။

တစ်ခုခုက ခက်ခဲနေပြီဆိုရင် ကိုယ်က ခက်ခဲတယ်လို့ သတ်မှတ်လိုက်လို့ပါ။ ခက်ခဲနေပြီဆိုရင် အကြောင်းရင်းက ကိုယ်ကိုယ်တိုင်ပါပဲ။ ကိုယ်မပျော်ဘူးဆိုရင်လည်း အကြောင်းခံက ကိုယ်ပါပဲ။ ကိုယ့်ရဲ့ စက်ကွင်းထဲမှာ ကိုယ်မနှစ်မျို့တဲ့အရာတွေ ရောက်လာရတဲ့အကြောင်းရင်းကလည်း ကိုယ်ပါပဲ။ ဒါ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာမဟုတ်ပါဘူး။ ကိုယ့်စက်ကွင်းထဲကို ဒါတွေအဝင်ခံပြီး ဖန်တီးနိုင်တဲ့အစွမ်း ကိုယ့်မှာရှိတယ်လို့ သတိပေးတာ သက်သက်ပါပဲ။ သဘောကတော့ ကိုယ်ဖန်တီးတဲ့အရာတွေ၊ ကိုယ်တွေးနေတဲ့အရာတွေ၊ ကိုယ်လုပ်နေတဲ့အရာတွေအတွက်ကို တာဝန်ယူပြီး စေ့စေ့ကြည့်သုံးသပ်ရင်၊ အာရုံစိုက်အလေးထားပြီး ကြည့်ရင် ကိုယ်စိတ်ကြိုက်ရွေးချယ်လို့ရပါတယ်။ “ဪ၊ ဒီအတွေးက သိပ်အဆင်မပြေပါဘူး” ဆိုပြီး သတ်မှတ်လို့ရတယ်။ ဒါဆိုရင် အဲဒီအတွေးကို စွန့်လွှတ်ပစ်လိုက်လို့ရပြီ။ လွှတ်ချပစ်လိုက်လို့ ရပြီ။ တကယ်ကတော့ ကိုယ့်ရဲ့အတ္တဆီ ပြန်လာတဲ့ခရီးပါပဲ။ ဘာတွေဘယ်လိုပဲဖြစ်နေဖြစ်နေ ကိုယ်တွေ့ကြုံခံစားရသမျှက ကိုယ့်အပေါ်ပဲ တည်မှီနေတာကိုး။ ကိုယ့်ရဲ့ လက်တွေ့အရှိတရားမှာ ကိုယ်ဖန်တီးချင်တဲ့အရာဖန်တီးနိုင်တဲ့ အစွမ်းအစရှိတယ်။ ပြီးတော့ ကျွန်မတို့အနေနဲ့ ကိုယ့်ရဲ့ စိတ်တွင်းမှာ ရှိနေတဲ့အမှန်တရားအတိုင်း လက်တွေ့အရှိတရားမှာ တိုက်ရိုက် မြင်တွေ့ကြုံရတယ်ဆိုတာ အမှန်ပါပဲ။ ဒီတော့ ဘဝမှာ ကိုယ်စိုက်တဲ့အတိုင်း ရိတ်သိမ်းရမှာဖြစ်တဲ့အတွက် ကိုယ်ဘာလုပ်မလဲဆိုတာအပေါ် အသိလေးကပ်ပြီး လုပ်ပါ။

နောက်ဆက်ပြောမှာကတော့ ကြုံတွေ့ရမယ့်အတားအဆီးတွေအကြောင်း ဖြစ်ပါတယ်။ အခု ကျွန်မတို့အနေနဲ့ ကိုယ်တွေ့ကြုံခံစားရသမျှဟာ ကိုယ့်အပေါ်တည်မှီနေတဲ့အကြောင်း၊ ကိုယ့်ရဲ့ လက်တွေ့အရှိတရားမှာ ခံစားရသမျှကို ကိုယ်တိုင်ဖန်တီးနေတာဖြစ်ကြောင်း၊ ခက်ခဲပင်ပန်းတယ်၊ ရုန်းကန်လှုပ်ရှားနေရတယ်လို့ ခံစားလာရရင်လည်း အကြောင်းရင်းက ကိုယ်ကိုယ်တိုင်ပဲဖြစ်ကြောင်း သဘောပေါက်လာပြီး အပြစ်တင်တာတွေ၊ ဝေဖန်တာတွေ မလုပ်ဘဲ စိတ်ကြိုက်ရွေးချယ်လို့ရပြီဆိုတာလည်း သိသွားပါပြီ။ ကျွန်မတို့ ဆုံးဖြတ်ရွေးချယ်လို့ ရပါတယ်။ ကိုယ့်ဘဝမှာ ဘာတွေကိုဖန်တီးချင်လဲ ရွေးချယ်ခွင့် ကျွန်မတို့မှာ ရှိပါတယ်။

နောက်တစ်ဆင့်ကတော့ တကယ်လက်တွေ့ဖြစ်အောင် လုပ်ဖို့ပါ။ ဒီအဆင့်မှာ အတားအဆီးတွေ ကြုံတွေ့ရမှာပါ။ ဒီအတားအဆီးတွေက ဘာတွေလဲဆိုတာ ရှင်းရှင်းလေး ပြောပြပါရစေ။ လူတွေဆိုတာ အကျင့်စွဲအရမ်းကြီးတဲ့ သတ္တဝါတွေ ဖြစ်ပါတယ်။ ကျွန်မတို့ဖန်တီးထားတဲ့ ပုံသေကားကျလုပ်ရပ်စဉ်တွေ အများကြီးရှိပြီး ဒါတွေကိုပဲ နေ့တဓူဝလုပ်ရင်း နေထိုင်ဖြတ်သန်းကြရတာပါ။ ဒီတော့ ဘဝမှာ ကိုယ့်အနေနဲ့ တစ်ခုခုကို ပြင်ဆင်တော့မယ်၊ ပြောင်းလဲတော့မယ်၊ အဆင့်မြှင့်တော့မယ်ဆိုရင် ကိုယ့်ရဲ့ မူလအကျင့်ဟောင်းတွေက ပေါ်လာမှာပါ။ အဲဒီအချိန်မှာ အတားအဆီးတွေ ကြုံရတော့တာပါပဲ။ သေချာပေါက်ဖြတ်ကျော်ရမယ့် အမှတ်တစ်ခုရှိပြီး အဲဒီအမှတ်ကို ရောက်ပြီဆိုတာနဲ့ ကိုယ့်ရဲ့ မသိစိတ်ကို၊ ကိုယ့်ရဲ့ နေ့တဓူဝဖြတ်သန်းထားတဲ့ အကျင့်တွေကို သတိပေး လှုပ်နှိုးလိုက်သလိုပါပဲ။ ကိုယ်က ပိုမြန်မြန်၊ ပိုမြင့်မြင့်ပျံနိုင်တော့မယ်ဆိုရင် ဒီအကျင့်တွေကပေါ်လာပြီး လက်ရှိ လုပ်နေတာကို ဆက်မလုပ်သင့်ကြောင်း နားချပါလိမ့်မယ်။

ကိုယ့်ဘဝကိုယ် စာရင်းစစ်ကြည့်ပါ။ ဘဝမှာ ဘာတွေကို ပိုင်ဆိုင်နေပြီလဲ။ ငွေကြေးလား၊ ဆက်ဆံရေးကောင်းတွေလား၊ မိတ်ဆွေသူငယ်ချင်းတွေလား၊ အလုပ်အကိုင်နယ်ပယ်မှာ အောင်မြင်နေပြီလား၊ အကုန်လုံးရှိနေပြီလား။ ကိုယ့်မှာ အခုရှိသမျှက ကိုယ်ကိုယ်တိုင်ဖန်တီးထားတာပဲ။ သဘောကတော့ အခုရှိနေတာတွေကို သဘောမကျဘူး၊ မကြိုက်ဘူးဆိုရင် တခြား ကိုယ်ကြိုက်တာတစ်ခုခုကို ဖန်တီးဖို့အတွက်လည်း အစွမ်းရှိတယ်ဆိုတာ သိထားဖို့ပါပဲ။ အရင်က ဒါမျိုးမလုပ်ဖူးတော့ အသစ်အဆန်း ဖြစ်နေတာပါ။ ပြီးရင် တကူးတကလုပ်နေစရာ မလိုတော့ဘဲ အလိုလိုလုပ်တတ်တဲ့ အကျင့်ဖြစ်သွားတဲ့အထိ ကိုယ်လိုချင်တာကို နေ့တိုင်းဖန်တီးနေဖို့တော့ လိုပါတယ်။

တချို့က ကိုယ့်ဘဝမှာ အင်မတန်ကောင်းမွန်တဲ့အရာတွေကို ဖန်တီးနိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ ဒီနေရာက အဓိက လမ်းချော်တတ်ကြတဲ့ နေရာပါပဲ။ ဘဝမှာ ကိုယ်လိုချင်တာတွေအားလုံးကို ဖန်တီးပြီးရင် ဒါတွေကို ဆက်ပြီး ထိန်းသိမ်းသွားနိုင်တဲ့အစွမ်း ရှိပါရဲ့လား။

ဥပမာပြောရရင် ကိုယ်က ငွေငါးသောင်းရအောင် ဖန်တီးချင်တယ်ဆိုပါစို့။ ဒီငွေကို ဘယ်လိုခန့်ခွဲပြီးသုံးရမလဲ သိလား။ အကုန်လုံး ကုန်သွားတဲ့အထိ မသုံးမိအောင် အဖျက်အမှောက်အကျင့်တွေကို ဘယ်လိုရှောင်ရမလဲ သိလား။ ဘဝမှာ အချစ်ရဆုံးသူဆီက မေတ္တာကို အရယူနိုင်ရင်ရော ဆက်ပြီး ထိန်းသိမ်းသွားနိုင်တဲ့ အစွမ်းအစ ရှိပြီလား။ ငြင်းစရာ ညှိနှိုင်းစရာတွေရှိရင် ပြောဖို့ဆိုဖို့ အဆင်သင့်ဖြစ်ပြီလား။ ကိုယ့်ဘေးကို အရောက်ခေါ်လာတဲ့ ဒီလူကို အရှိအတိုင်းဖွင့်ချပြဖို့ အသင့်ဖြစ်ပြီလား။ ကိုယ်အလိုချင်ဆုံး အလုပ်အကိုင်ပဲဖြစ်ဖြစ်၊ စီးပွားရေးပဲဖြစ်ဖြစ် အရဖန်တီးနိုင်ပြီဆိုရင်ရော ဆက်ပြီးထိန်းသိမ်းထားနိုင်တဲ့ အစွမ်းအစ ရှိလား။ ကိုယ့်ရည်မှန်းချက် ဖြစ်မြောက်ဖို့အတွက် ဘာမဆိုလုပ်ဖို့ အသင့်ဖြစ်ပြီလား။ လူအတော်များများကတော့ အဆင်သင့် မဖြစ်ကြသေးပါဘူး။

ကျွန်မတို့က လိုချင်တာကို ဖန်တီးရယူတဲ့နေရာမှာတော့ တော်ကြပါတယ်။ ဒါပေမဲ့ အများအားဖြင့် ဆက်ပြီး ထိန်းသိမ်းထားဖို့ မတတ်နိုင်ကြတာပါ။ ဒီတော့ ပြန်ပြီးဆုံးရှုံးရတော့တာပေါ့။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်ကျတော့ အဆင်ပြေမှာမဟုတ်ပါဘူးလို့ပဲပြောပြီး အရှုံးပေးချင်သွားတယ်။ ကျွန်မတို့အနေနဲ့ “ဘာမှဆက်လုပ်မနေဘဲ အရင်လိုပဲ ပြန်နေလိုက်ပါတော့မယ်။ အဲဒီတုန်းက ပိုသက်တောင့်သက်သာရှိတယ်။ ကိုယ့်ဘဝကိုယ်လည်း တာဝန်ယူစရာမလိုသလို ကိုယ့်လုပ်ရပ်တွေ၊ ကိုယ့်အတွေးတွေကိုလည်း အကုန်လုံး လိုက်ပြီးစေ့ငုနေစရာ မလိုဘူး။ ပုံမှန်ဘဝ၊ သာမန်ဘဝလေးအတိုင်းပဲ ရှင်သန်သွားရတာက ငါ့အတွက် အေးအေးဆေးဆေးရှိပါတယ်။ ဘာဖြစ်လို့ အရာကိစ္စတွေအကြောင်း အများကြီးတွေးပြီး ခွဲခြမ်းစိတ်ဖြာနေမှာလဲ။ ဘာဖြစ်လို့ အများကြီး စဉ်းစားနေတာလဲ” ဆိုပြီး အကြောင်းပြချက်တွေ ဖန်တီးမိတတ်ကြပါတယ်။ ဒါပေမဲ့ တစ်ခုခုကို လိုချင်ပြီ၊ ဖန်တီးရယူချင်ပြီဆိုရင် ဒါကို ဘယ်လိုထိန်းသိမ်းမလဲ စဉ်းစားပြီး ကိုယ်တကယ်လိုချင်တာ ဟုတ်ရောဟုတ်ရဲ့လား သေသေချာချာ ဆန်းစစ်ပါ။ တစ်ခါတလေကျ ကျွန်မတို့က လိုချင်တယ်လို့သာ ပြောနေပေမယ့် တကယ်လိုချင်တာမဟုတ်တော့ ဘယ်တော့မှ တကယ်လည်းမရပါဘူး။ တကယ်ရခဲ့တယ်ပဲထားဦး၊ ထိန်းသိမ်းထားဖို့အတွက် အစွမ်းအစရှိပါရဲ့လား။

ဒီနေ့ပြောချင်တာကတော့ အဲဒီအရာတွေအပေါ်မှာ သတိကပ်ထားနိုင်ဖို့ဖြစ်ပြီး ထားနိုင်ပြီဆိုရင် တစ်ခုခုကို လုပ်မယ့်အခါ နည်းလမ်းသုံးခုနဲ့ လုပ်လို့ရတယ်ဆိုတာ သိထားဖို့ပါပဲ။ ပထမတစ်ခုက ဘာမှမလုပ်ဖို့ပါ။ နောက်တစ်ခုကတော့ စိတ်မပါ့တပါနဲ့ လုပ်ဖို့ဖြစ်ပြီး နောက်တစ်ခုကတော့ စိတ်ပါလက်ပါလုပ်ဖို့ ဖြစ်ပါတယ်။ စိတ်မပါ့တပါနဲ့ လုပ်တယ်ဆိုရင်တော့ ရလဒ်ကလည်း အဲဒီလိုပဲဖြစ်နေမှာပေါ့။ ကိုယ်က တကယ်စိတ်ပါလက်ပါနဲ့ လုပ်မှ အတားအဆီးတွေကို ကြုံလာရမယ်၊ အကျင့်စွဲတွေ ပေါ်လာမယ်၊ အရင်စရိုက်ဟောင်းက ပေါ်လာမယ်၊ ဒီလိုပေါ်လာမှပဲ အရာဟောင်းတွေကို လွှတ်ချပြီး အရာသစ်တွေ ဝင်လာနိုင်ဖို့ နေရာရှင်းလင်းနိုင်မှာပေါ့။

ဒီနေရာမှာ အဓိကအရေးပါတာက ကိုယ်ဟာ ဘယ်လို Vibration (ကြိမ်နှုန်း) နဲ့ တုန်ခါနေလဲ ဆိုတာပါပဲ။ ဘာလို့လဲဆိုတော့ ကိုယ့် Vibration (ကြိမ်နှုန်း) နဲ့ညီတဲ့ အရာတွေကိုပဲ ဖန်တီးရယူနိုင်မှာမလို့ ဖြစ်ပါတယ်။ ဘဝမှာ ကိုယ်ဖန်တီးချင်တဲ့အရာတွေနဲ့၊ ကိုယ်လိုချင်တဲ့အရာတွေနဲ့ Vibration (ကြိမ်နှုန်း)ချင်းညီအောင် နေပါ။