မင်္ဂလာပါ။ အားလုံးပဲ ပြန်ဆုံရတာ ဝမ်းသာပါတယ်။ ဒီနေ့မှာ တိုတိုနဲ့လိုရင်းပြောမှာဆိုပေမယ့် ပျော်စရာကောင်းပြီး နေ့တိုင်းလုပ်လို့ရမယ့် အကြောင်းအရာလေးတစ်ခုကို ပြောပြပေးသွားပါမယ်။ အဲဒါကတော့ ကျေးဇူးသိတတ်တဲ့ စိတ်နှလုံးသားကို မွေးမြူဖို့ ဦးနှောက်ကို ဘယ်လိုပြန်မွမ်းမံရမလဲဆိုတဲ့အကြောင်းပါ။
စလိုက်ရအောင်။ လူအယောက်ရာချီကို နေ့တိုင်း စာရေးခိုင်းတဲ့ သုတေသနတစ်ခု လုပ်ခဲ့တာ ရှိပါတယ်။ ဒါဆို သူတို့ကို ဘာတွေ ရေးခိုင်းတာလဲ။ ပထမအုပ်စုကို နေ့တိုင်း သူတို့ရေးချင်တာတွေ ရေးခိုင်းပါတယ်။ ဒုတိယအုပ်စုကို တစ်နေ့တာမှာ ဖြစ်ပျက်တဲ့ မကောင်းတဲ့ အကြောင်းအရာတွေကို ရေးခိုင်းပါတယ်။ တတိယအုပ်စုကိုတော့ နေ့တိုင်း သူတို့ကျေးဇူးတင်လိုတဲ့ အကြောင်းအရာတွေကို ရေးခိုင်းပါတယ်။ တတိယအုပ်စုကို အချိန်တစ်ခုထိ သုတေသနလုပ်ပြီးတဲ့အခါမှာ သူတို့ဟာ ပိုပြီး စိတ်အားထက်သန်လာတယ်၊ နိုးကြားလာတယ်၊ အကောင်းမြင်လာတယ်၊ အားအင်တွေ ပိုပြီး ပြည့်ဝလာတာကို တွေ့ရပါတယ်တဲ့။ သူတို့ ကျေးဇူးတင်တဲ့ အရာတွေကို နေ့တိုင်း ချရေးတာနဲ့တင် သူတို့ရဲ့ ပျော်ရွှင်မှုဟာ ၂၅% တိုးသွားပါတယ်တဲ့။ ဒါဆို ကျေးဇူးတင်ခြင်းရဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲ။ သင့်အနေနဲ့ဒါကို အရင်က ကြားဖူးရင်ကြားဖူးမယ် ဒါမှမဟုတ် ကျေးဇူးတင်တဲ့အကြောင်း နေ့စဉ်မှတ်တမ်း ရေးဖူးရင် ရေးဖူးပါလိမ့်မယ်။ ကျွန်မလည်း အရင်က လုပ်ဖူးပေမယ့် အချိန်ကြာလာတော့ ငြီးငွေ့လာတာကြောင့် စွဲစွဲမြဲမြဲ မလုပ်ဖြစ်ပါဘူး။ ပြီးတော့ အချိန်ကြာလာတော့ အလုပ်လည်း ရှုပ်လာပါတယ်။ ဘဝမှာ ကြုံရဆုံရအဖြစ်သနစ်တွေ ပေါ်လာတာနဲ့အမျှ ကျွန်မတို့လည်း ဆက်မလုပ်ဖြစ်ကြဘူးပေါ့။ ဒါမှမဟုတ် အချိန်ကြာလာတော့ ဘာကျေးဇူးတင်စရာကိုမှ မမြင်တတ်တော့တာမျိုးလည်း ဖြစ်တတ်ပါတယ်။
နေ့စဉ်နေ့တိုင်း ကျေးဇူးတင်တတ်ခြင်းရဲ့ အကျိုးရလဒ်တွေကို လက်ဆုပ်လက်ကိုင် ရရှိခံစားနိုင်ဖို့အတွက် အကြံလေးတွေ ပေးသွားပါမယ်နော်။ အဲလို ကျေးဇူးတင်တတ်လာရင် ခန္ဓာကိုယ်အတွက်ပါ အကျိူးရှိလာတာကို တွေ့ရပါလိမ့်မယ်။
ပထမဆုံးအနေနဲ့ ကျေးဇူးတင်တတ်ရင် ဘယ်လို အကျိူးကျေးဇူးတွေရမလဲ။ ရလာမယ့် အကျိုးကျေးဇူးတွေကတော့…
၁။ ဘဝမှာ ပိုပြီး လူတွေအပေါ်ယုံကြည်တတ်လာမယ်
၂။ ပိုပြီး ပျော်ရွှင်လာမယ်
၃။ ပိုပြီး အသိအမှတ်ပြုတတ်လာမယ်
၄။ ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်နားက လူတွေကို ပိုပြီး အသိအမှတ်ပြုတတ်လာတာကြောင့် ဆက်ဆံရေးတွေ ပိုကောင်းလာမယ်
၅။ စိတ်ဖိစီးမှုတွေလည်း လျော့လာတာကြောင့် ပိုကျန်းမာလာမယ်
၆။ ကိုယ့်ပင်ကိုစရိုက်နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်လည်း ပိုအကောင်းမြင်တတ်လာမယ်။ ဘာကြောင့်လဲ။ ကိုယ့်မှာရှိတဲ့ အရာတွေကိုပဲ အာရုံစိုက်တာကြောင့်ပါ။ ကိုယ့်မှာမရှိတဲ့ အရာတွေအပေါ် အာရုံစိုက်နေမယ့်အစား ကိုယ့်မှာရှိတဲ့ အရာတွေကိုပဲ ကျေးဇူးတင်တတ်လာတာကြောင့်ပါ။
၇။ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုတွေအပေါ် မက်မောစိတ်တွေလည်း လျော့လာပါလိမ့်မယ်။ ကျွန်မတို့ဟာ ရောင့်ရဲတင်းတိမ်မှုမရှိဘဲ သောက်လေသောက်လေ ငတ်မပြေ ဖြစ်တတ်တဲ့ လူ့အသိုင်းအဝိုင်းမှာ နေထိုင်နေကြပါတယ်။
၈။ ကိုယ့်စိတ်နဲ့ကိုယ် အချိတ်အဆက်ရှိတယ်လို့ ခံစားလာရတာကြောင့် စိတ်စွမ်းအားလည်း အနည်းငယ် ပိုပြည့်ဝလာနိုင်ပါတယ်။
၉။ စိတ်ဖိစီးမှုတွေ လျော့လာတာကြောင့် အိပ်လို့ ပျော်စေပါတယ်။ ပိုပြီးလည်း ပျော်လာတာကြောင့် ရွှင်ရွှင်လန်းလန်းနဲ့ အိပ်စက်နိုင်မှာပါ။
၁၀။ လောကဓံကို ခံနိုင်ရည်လည်း ပိုရှိလာပါမယ်။ အရာအားလုံးအပေါ် အကောင်းမြင်တတ်လာပါမယ်။
ကျွန်မရဲ့ ရပ်ကွက်ထဲမှာ လမ်းလျှောက်ထွက်နေတုန်း ဒါမှမဟုတ် မြို့ထဲ လမ်းလျှောက်ထွက်နေတုန်းမှာ လေထဲမှာ ပျံနေသယောင်ယောင် မျောလွင့်နေသယောင်ယောင် ခံစားရတဲ့ နေ့တွေ ရှိပါတယ်။ ဘာများဖြစ်တာလဲပေါ့။ စဉ်းစားကြည့်လိုက်တော့ ကျွန်မက လေထု၊ မြေထုတွေအပေါ် ကျေးဇူးတင်ပြီး ဒီလိုလှပတဲ့ နိုင်ငံမှာ နေခွင့်ရတဲ့အတွက် ကျေးဇူးတင်တာကြောင့် အဲလိုခံစားရတာပါ။ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝမှာ ရှိနေတဲ့ အရာတွေကို အလေးမထားတာမျိုး မလုပ်ဘဲနဲ့ တကယ် အသိအမှတ်ပြုကြည့်ပါ။ ကျွန်မတို့ စိတ်ဖိစီးတဲ့အခါ၊ သံသယတွေဝင်တဲ့အခါ၊ ပင်ပန်းတဲ့အခါတွေမှာဆိုရင် လျင်လျင်မြန်မြန် သတ္တိရှိရှိ အားအင်ပြည့်ပြည့်ဝဝနဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်မှာ မဟုတ်ပါဘူး။ အကြောက်တရားနဲ့ပဲ ဆုံးဖြတ်မိမှာပါ။
ကျေးဇူးတင်တတ်တဲ့ စိတ်နှလုံးသားလေးကို မွေးမြူလိုက်တာနဲ့ ဘယ်လောက် အကျိုးများလဲဆိုတာ ကြည့်ပါဦး။ ကျေးဇူးတင်တတ်တာဟာ ကိုယ့်ရဲ့ဘဝကို တကယ်ပဲ ပြောင်းလဲသွားစေနိုင်ပါတယ်။ ကျွန်မရဲ့ ဘဝကိုလည်း ပြောင်းလဲစေပါတယ်။ တကယ့်ကို သိမ်သိမ်မွေ့မွေ့လေးနဲ့ပေါ့။ ဒါဟာ နေ့ချင်းညချင်း အကျိူးထူးစေမယ့် အရာမျိုး မဟုတ်ပါဘူး။ ကိုယ့်အနားက ပတ်ဝန်းကျင်အပေါ် မြင်တဲ့အမြင်ကိုပဲ နည်းနည်းစီ ပြောင်းလဲစေမှာ ဖြစ်ပါတယ်။ အဲလိုကနေ တစ်စတစ်စ ပြောင်းလဲလာပြီး အချိန်ကြာလာတဲ့အခါမှာ အများကြီး သိသာစေမှာပါ။ ကိုယ်တွေးတဲ့ အတွေးတွေက ကိုယ့်ရဲ့ စိတ်ခံစားမှုအပေါ် ကြီးကြီးမားမား သက်ရောက်တတ်တာကို သိကြမှာပါ။ ကိုယ့်ရဲ့ စိတ်ခံစားမှုပေါ် မူတည်ပြီး ကိုယ့်ရဲ့ ခန္ဓာကိုယ်မှာ ကျွန်မအမြဲပြောပြောနေတဲ့ (Vibration) တုန်ခါမှု – ကြိမ်နှုန်းအမျိုးမျိုး သက်ရောက်စေမှာပါ။ အဲဒါကပဲ ကိုယ့်ရဲ့ နေ့စဉ်ဘဝ လုပ်ဆောင်ပုံနဲ့ အပြုအမူတွေကို သတ်မှတ်ပေးသွားမှာပါ။ အဲအပေါ်မှာ မူတည်ပြီး လက်တွေ့ဘဝဟာလည်း ကွဲပြားသွားမှာပါ။ ဒီကျေးဇူးတင်တတ်တဲ့ စိတ်နှလုံးသားကို စပြီး မွေးမြူလိုက်တဲ့အခါမှာ ကွဲပြားတဲ့ စိတ်ခံစားမှုတွေ၊ ကွဲပြားတဲ့ တုန်ခါမှုလေးတွေ၊ ကွဲပြားတဲ့ လုပ်ဆောင်မှုတွေနဲ့ အပြုအမူတွေကို ဖြစ်စေမယ့် ကွဲပြားတဲ့ အတွေးအမြင်တွေကို တွေးမိစေပါတယ်။ အဲဒါကပဲ ကိုယ့်ရဲ့ လက်တွေ့ဘဝကို ပြောင်းလဲစေမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်တတ်တဲ့ အကျင့်လေးတစ်ခု လုပ်ကြည့်ပါ။ မနက်ခင်းတိုင်း၊ နေ့လယ်ခင်းတိုင်း၊ ညတိုင်း ဒါမှမဟုတ် ကိုယ်အဆင်ပြေတဲ့အချိန်မှာ ချရေးလို့ရပါတယ်။ ကျေးဇူးတင်တဲ့အချက်တွေကို နေ့စဉ်မှတ်တမ်း စရေးကြည့်ပါ။ ကျေးဇူးတင်ဖို့အတွက် သက်သက် စာအုပ်တစ်အုပ်ထားပါ။ အနည်းဆုံး တစ်ပတ်လောက် အဲအကျင့်လေးကို လုပ်ကြည့်ပါ။ ပုံမှန်လုပ်ပါ။ တစ်သမတ်တည်းလုပ်လာရင် အလေ့အကျင့်တစ်ခု၊ ပုံစံတစ်ခုလို ဖြစ်လာမှာပါ။
ခက်ခဲတဲ့အချိန်တွေ၊ အဆင်မပြေတဲ့နေ့တွေမှာ ကိုယ်ကျေးဇူးတင်တဲ့ အကြောင်းအရာလေးတွေကို ချရေးကြည့်ပါ။ စိတ်ဖိစီးတဲ့အခါ၊ မချင့်မရဲဖြစ်တဲ့အခါ၊ စိတ်တိုတဲ့အခါတွေမှာ အကောင်းမြင်ဖို့ ခက်ခဲမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ အဲလို အဆင်မပြေဖြစ်နေတဲ့ အခိုက်အတန့်တွေမှာပဲ တစ်ပြိုင်နက်ဖြစ်ပျက်နေတဲ့ ကိစ္စကောင်းတွေကို ပိုပြီး သတိထားမိဖို့အတွက် ဒါဟာ တကယ့်ကို အရေးပါတဲ့ အခိုက်အတန့်တစ်ခုပါ။ သဘောထားကြီးပါ။ အကောင်းနဲ့အဆိုးဟာ အမြဲ ဒွန်တွဲနေတာမို့ မြင်အောင် ကြည့်ကြည့်ပါ။ အမြဲ တစ်တွဲတည်း ဖြစ်နေမှာပါ။ ဒါဟာ လောကနိယာမပါပဲ။ ဒါကြောင့် ခက်ခဲတဲ့ အချိန်တွေမှာဆိုရင် ကောင်းတာတွေကို မကြည့်ဘဲ ဆိုးတာတွေကိုပဲ ကြည့်မိတတ်ကြပါတယ်။ ကိုယ်ကျေးဇူးတင်တဲ့ အရာလေးတွေကို ချရေးကြည့်ပါ။ ကိုယ့်မှာ မရှိတဲ့ အရာထက် ရှိတဲ့ အရာကိုသာ အာရုံစိုက်ကြည့်ပါ။
တော်တော်များများက ကျေးဇူးတင်ဖို့အတွက်ဆိုရင် အကြီးကြီးတွေ တွေးရမယ်လို့ ထင်တတ်ကြပါတယ်။ တကယ်က အဲလိုမဟုတ်ပါဘူး။ ကျွန်မအတွက်ကတော့ ပန်းခြံထဲမှာ ခွေးလေးနဲ့ လမ်းလျှောက်ထွက်မယ်။ မြက်ခင်းပြင်ပေါ်မှာ လှဲချမယ်။ ကောင်းကင်ပြာကြီးကို ကြည့်မယ်။ “အသက်ရှုစရာ လေရှိနေပေးတာ ကျေးဇူးတင်ပါတယ်” “နေမင်းကြီးကို ကျေးဇူးတင်ပါတယ်” “လှဲစရာ မြက်ခင်းပြင် ရှိနေတာ ကျေးဇူးတင်ပါတယ်” အဲလို ပြောမိမှာပါ။ ဒီနေရာမှာ ကျွန်မအာရုံစိုက်မိတဲ့ အရာလေးတွေက အသေးအဖွဲဆိုပေမယ့် ကြီးကြီးမားမား အကျိူးသက်ရောက်စေတဲ့ အရာတွေပါ။ ကျွန်မတို့ဟာ အလေးမထားတတ်တာ အကျင့်ပါနေကြပါပြီ။
ကိုယ်က ငွေရေးကြေးရေး ခက်ခဲနေတယ်၊ ဘဏ်ထဲမှာ ဒေါ်လာ ၅၀၀ ပဲ ရှိတယ်ဆိုရင် ဘဏ်ထဲမှာ ဒေါ်လာ ၅၀၀ ရှိတယ်ဆိုတဲ့ အချက်ကို ကြိုးစားပြီး အာရုံစိုက်ကြည့်ပါ။ ကိုယ်စိတ်ကူးယဉ်ထားတဲ့ သမီးရည်းစား ဆက်ဆံရေးတစ်ခု တည်ဆောက်ချင်တယ်၊ ဒါပေမဲ့ တကယ့်လက်တွေ့မှာ အဲလို ဆက်ဆံရေးမျိုး ရှိမနေဘူးဆိုရင် ဘာကို အာရုံစိုက်နိုင်သလဲ။ ကိုယ်က ကိုယ်စိတ်ကူးယဉ်ထားတဲ့သူနဲ့ တွဲကြည့်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုရင်တောင် အဲဒီလိုလူမျိုး မရှိသေးရင် နာကျင်ခံစားရတယ်၊ အဆင်မပြေဘူးဆိုတာကို သိပါတယ်။ ဒါပေမဲ့ ကိုယ့်အချိန်ကိုယ် စိတ်တိုင်းကျ ပိုင်ဆိုင်နိုင် သုံးနိုင်တဲ့အတွက် ကျေးဇူးတင်တယ်ဆိုပြီး တွေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ရည်းစားထားလိုက်မိပြီဆိုတာနဲ့ အလျှော့ပေးရ ညှိနှိုင်းရမှာတွေ အများကြီး ရှိလာမှာမို့ပါ။ ကိုယ့်ခေါင်းထဲမှာ တကျည်ကျည် ပြောနေတဲ့အသံတွေ၊ ဝေဖန်သံတွေ ရှိနေမယ်ဆိုရင် အရမ်းစိတ်ရှုပ်စရာ ကောင်းပါတယ်။ အဲလိုအချိန် ဘာကို အာရုံစိုက်လို့ရမလဲ။ ကိုယ့်ခေါင်းထဲမှာ တကျည်ကျည် ပြောပေးနေတဲ့ အသံရှိနေတာကို အာရုံစိုက်ပြီး ကိုယ့်ရဲ့ ကိုယ်ကိုယ်တိုင် သတိမထားမိတဲ့ အပိုင်းတွေကို မြင်အောင်ပြပေးလို့ ကျေးဇူးတင်နိုင်ပါတယ်။ ကိုယ် တကယ်ရင်မဆိုင်ရသေးတဲ့ အပိုင်းတွေပေါ့။ အရင်တုန်းက ကိုယ့်အပေါ်မှာ နိုင်ထက်စီးနင်းလုပ်ခဲ့တဲ့သူတွေ၊ ဒဏ်ရာတွေ ပေးခဲ့သူတွေ ဒါမှမဟုတ် ကိုယ့်ကို စိတ်ဆိုးဒေါသထွက်အောင် လုပ်ခဲ့တဲ့သူတွေအကြောင်း တွေးကြည့်ပါ။ သူတို့အပေါ် ဘာများကျေးဇူးတင်စရာရှိမလဲ။ အဲလိုတွေးတဲ့အခါ ပြန်ပြီး ဒေါသထွက်လာပါလိမ့်မယ်။ ဒီနေရာမှာ ပြောချင်တာက မေတ္တာနဲ့ယှဉ်ပြီး တွေးကြည့်ဖို့ပါပဲ။ ဘာလို့လဲဆိုတော့ မေတ္တာနဲ့ယှဉ်ကြည့်တဲ့အခါမှာ အမြင်ရှုထောင့်တွေ လုံးဝ ပြောင်းလဲသွားမှာမို့လိုပါ။
ကျေးဇူးတင်တဲ့အကြောင်း စပြီးရေးကြည့်တဲ့အခါမှာ ရေးနေမကျတာမျိုး ဒါမှမဟုတ် ပထမဦးဆုံး ရေးတာမျိုးဆိုရင် ကောင်းတယ်ဆိုလို့သာ ရေးနေရတယ်၊ ကိုယ့်ကိုယ်ကို စာရေးဖို့ အတင်း တွန်းအားပေးနေရတာမျိုး ဖြစ်တတ်ပါတယ်။ ဥပမာပြောရရင် အခုကျွန်မ ခုံတစ်ခုံပေါ် ထိုင်နေတယ်။ ဒီခုံအပေါ် ကျေးဇူးတင်ရဲ့လား။ အင်း၊ တင်သလိုလိုပဲပေါ့။ အဲဒါဆို ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်တယ်။ တကယ်ရော ကျေးဇူးတင်တယ်လို့ ခံစားရလား။ ကိုယ့်စိတ်ထဲမှာ ကျေးဇူးတင်လိုက်တာဆိုတဲ့ ခံစားချက်မျိုး ရစေချင်ပါတယ်။ ကျွန်မအိမ်မှာ အပင်လေးတွေ ရှိတယ်ဆိုပါစို့။ အပင်လေးတွေက ကျွန်မရဲ့ ဘေးကပ်လျက်မှာ မရှိနေပေမယ့် ကျွန်မအနီးအနားမှာ ရှိနေကြပါတယ်။ သူတို့ကို ကျွန်မ မြင်ရပါတယ်။ သူတို့ကို ကျေးဇူးတင်ရဲ့လား။ ကျေးဇူးတင်တာပေါ့။ ဘာလို့လဲဆိုတော့ အိမ်ထဲမှာ အပင်လေးတွေ မြင်နေရတာကြောင့် သဘာဝတရားနဲ့ နီးစပ်နေသလို ခံစားရစေပြီး စိတ်ငြိမ်းအေးစေပါတယ်။ အဲဒါကြောင့် ကျေးဇူးတင်တယ်လို့ ခံစားရပါတယ်။ ကျွန်မကားနဲ့ အပြင်ထွက်တဲ့အခါ ကားကို ကျေးဇူးတင်သလား။ ကျေးဇူးတင်တာပေါ့။ ကားသာ မရှိဘူးဆိုရင် ကားမရှိတဲ့ ဒုက္ခကို ခံစားနေရမှာမို့ပါ။
ကိုယ်က ကျေးဇူးတင်တာရဲ့ အကျိူးကျေးဇူးတွေကို သိတယ်၊ ကျေးဇူးတင်တတ်ရင် ပျော်ရွှင်မှု ၂၅% တိုးလာတာကို သိတယ်။ နေ့တိုင်း နေ့တိုင်း ၂၅ % လောက် ပိုပျော်လာတယ်ဆိုရင် ဘာဖြစ်လာမလဲ။ အခုကစပြီး နောက်သုံးလလောက်ထိ နေ့တိုင်း ဒါမှမဟုတ် တစ်ပတ်မှာ ရက်အနည်းငယ်လောက် ပုံမှန် ကျေးဇူးတင်ကြည့်မယ်ဆိုရင် ဘာဖြစ်လာမလဲ။ ကိုယ့်ကိုယ်ကိုယ် ပိုယုံကြည်မှုရှိလာတာ၊ ကိုယ့်ကိုယ်ကိုယ် ပိုထိန်းချုပ်လာနိုင်တာ၊ ပိုကျန်းမာလာတာကို တွေ့ရပါလိမ့်မယ်။ ပိုပြီး အကောင်းမြင်တတ်လာတာကိုလည်း တွေ့ရပါလိမ့်မယ်။
ချစ်ခြင်းအားဖြင့်
Arabelle