BHP23 - Solo

Embracing Your Authenticity

Listen now:

Timestamps

00:31 Why is it important to be authentic?

02:36 It takes courage to be who you really are

03:38 It’s all about the mindset and the heartset

06:00 Changing your relationship with fear and doubt

08:23 Doing things with Integrity

10:24 The next-level version of YOU

Thank you so much for tuning in. I’m very honoured that you’re here and I’d love to hear your thoughts on our conversation. I read all the comments here. If you love this podcast, please give us a 5-Star Rating in iTunes. It would help us HUGELY to spread the message.

[ Burmese Transcript ]

စစ်မှန်မှု – စစ်မှန်မှုဆိုတာ ဘာကို ဆိုလိုတာလဲ။ စစ်မှန်အောင် နေထိုင်တယ်ဆိုတာ ဘာကို ဆိုလိုတာပဲ။ ဘာလို့ ကိုယ့်ကိုယ်ကိုယ် အစစ်အမှန်တိုင်း နေထိုင်ဖို့ အရေးကြီးတာလဲ။

ဒီနေရာမှာ ပိုနက်နဲတဲ့ အလွှာတစ်ခု ရှိပါတယ်။ လူတစ်ယောက်က ကိစ္စတစ်ခုခုကို လုပ်ကိုင်တဲ့ ပုံစံနဲ့ပဲ အခြားကိစ္စတွေအားလုံးကို လုပ်ကိုင်တတ်ကြတယ်ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ ကျွန်မကတော့ ကျွန်မရဲ့ နေ့စဉ်ဘဝဟာ Personal Development Seminar (ကိုယ့်ကို ဖွံ့ဖြိုးတိုးတက်အောင် ဟောပြောပို့ချပေးနေတဲ့ ဟောပြောပွဲတစ်ခု) လို့ ခံယူထားပါတယ်။ ကိုယ်က တိုးတက်ဖို့အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေတဲ့သူ၊ ဘဝကို ချဲ့ထွင်လိုစိတ် ပြင်းပြတဲ့သူဆိုရင် Meditation (တရားထိုင်ဖို့) ကအရေးကြီးပါတယ်။ အခမ်းအနားတွေ သွားဖို့ အရေးကြီးပါတယ်။ Personal Development Seminar (တစ်ကိုယ်ရေ ဖွံ့ဖြိုးတိုးတက်ရေး ဟောပြောပွဲ) တွေသွားဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့ ကျွန်မတို့ အဲဒါမျိုးတွေ တစ်ချိန်လုံး လုပ်နေဖို့ကျ မဖြစ်နိုင်ပါဘူး။
ကျွန်မတို့ရဲ့ နေ့စဉ်ဘဝမှာဆိုရင်တော့ ၂၄ နာရီလုံးလုံး ကျွန်မတို့ ပိုင်ပါတယ်။ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝဟာ ပေါက်ကွဲစရာတွေ၊ စိတ်ဖိစီးမှုတွေ၊ စိတ်တိုစရာတွေ၊ ပြဿနာဖြစ်စေတဲ့ကိစ္စတွေ အများကြီးနဲ့ ပြည့်နေပါတယ်။ ဒီနေရာမှာ မေးချင်တာက ကိုယ်ဟာ အခြားသူရဲ့ မျက်စိအောက်မှာ မရှိတဲ့အချိန်မှာ ဘယ်လိုပြုမူလဲ။ ဘယ်သူမှ ကိုယ့်နားမရှိတဲ့ အချိန်ဆို ကိုယ်ကဘယ်လိုနေထိုင်လဲ။ ဘာလို့လဲဆိုတော့ အဲဒါက လက်ရှိအချိန်လေးမှာ ကိုယ်ဘယ်လိုပြုမူနေလဲဆိုတာကို ပြနေလို့ပါပဲ။ ဘာလို့လဲဆိုတော့ အရှေ့ကပြောခဲ့သလိုပဲ လူတစ်ယောက်က ကိစ္စတစ်ခုခုကို လုပ်ကိုင်တဲ့ ပုံစံနဲ့ပဲ အခြားကိစ္စတွေအားလုံးကို လုပ်ကိုင်တတ်လို့ပါပဲ။ ကိုယ့်ဘဝရဲ့ ကဏ္ဍတစ်ခုမှာ လုပ်ဆောင်ခဲ့တဲ့ ပုံစံနဲ့ပဲ အခြားအခြားသော ကဏ္ဍတွေမှာလည်း တွေးခေါ်၊ လုပ်ကိုင်မှာ ဖြစ်ပါတယ်။

ဥပမာပြောရရင် ကိုယ့်အခန်းက ရှုပ်ပွနေတယ်၊ ဘာလို့ ပွလဲဆို အခန်းရှင်းရမှာ ပျင်းနေတာကြောင့်ဆိုရင်  ဒီလိုမလုပ်ဖြစ်တာက ပျင်းတာ၊ အခန်းရှုပ်ပွနေတာနဲ့ မဆိုင်ပါဘူး။ ကိုယ့်ဘဝရဲ့ ဘယ်နေရာမှာ အဲအကျင့်ဖြစ်နေသလဲဆိုတာနဲ့ပဲ ဆိုင်ပါတယ်။ အခု ကိုယ့်ရဲ့ ကြောင်အိမ်၊ အဝတ်ဗီရို၊ အံဆွဲ၊ ကောဇောအောက်ထဲကို အစုတ်ပလုတ်တွေ၊ မရှင်းချင်တဲ့ ပစ္စည်းတွေ ထိုးသိပ်ထည့်နေတယ်ဆိုရင် … ကိုယ့်ဘဝရဲ့ ဘယ်နေရာမှာ ခေါင်းရှောင်နေမိလဲ။ ကိုယ့်ဘဝရဲ့ ဘယ်နေရာမှာ ထိပ်တိုက်ရင်ဆိုင်ရမယ့် ကိစ္စတွေကို ရင်မဆိုင်ချင် ဖြစ်နေလဲ။ ထပ်ပြောမယ်နော်။ အခန်းပွနေတာနဲ့ မဆိုင်ပါဘူး။ လူမမြင်ကွယ်ရာမှာ၊ ကန့်လန့်ကာနောက်ကွယ်က ဘဝမှာ ဘယ်လိုနေနေလဲ၊ ဘယ်လိုပြုမူနေလဲဆိုတာနဲ့ပဲ ဆိုင်ပါတယ်။ အဲဒါက ကိုယ့်ဘဝမှာ ကြုံတွေ့ရတဲ့ ကိစ္စအားလုံးကို ပြုမူလုပ်ဆောင်နေတဲ့ ပုံစံမို့လို့ပါပဲ။

ကျွန်မတို့ရဲ့ တကယ့်အစစ်အမှန်ကို လက်ခံဖို့ဆိုရင် သတ္တိရှိရပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်အစစ်အမှန်ကို လက်ခံဖို့က ကြောက်ဖို့၊ တုန်လှုပ်ဖို့ကောင်းတယ်လေ။ ကျွန်မတို့ကို ကိုယ့်ရဲ့ အစစ်အမှန်အတိုင်း မပြုမူကြဖို့ အကြိမ်ပေါင်းများစွာ သွန်သင်ခံခဲ့ရတာကြောင့်ပေါ့။ ကျွန်မတို့ရဲ့ မသိစိတ်ထဲမှာ ကိုယ်က အခြားသူတစ်ယောက်လို ဟန်ဆောင်မှ လူတွေက ကိုယ့်ကို လက်ခံကြမယ်ဆိုပြီး ယုံကြည်ခံယူထားကြပါတယ်။ အဲဒါတွေက ဘယ်လိုနေရင် လူဝင်ဆံ့မယ်၊ ဘယ်လိုနေရင် လိုက်လျောညီထွေဖြစ်မယ်၊ ဘယ်လိုနေရင် ကိုယ့်ကို သူများတွေ လက်ခံမယ်ဆိုတဲ့ လူ့အခြေခံ ပင်ကိုအသိစိတ်လည်း ဖြစ်ပါတယ်။ အဲလိုစိတ်ဖြစ်နေတယ်ဆိုတာ လုံးဝ မမှားပါဘူး။

အဲလို အသိစိတ်ရှိနေခြင်းဟာ ဘဝမှာ အဆင့်တစ်ခုလောက်ထိ ရောက်ဖို့ကိုတော့ လမ်းပြကူညီပေး နိုင်ပေမဲ့ အဲအဆင့်ကနေ တက်ချင်တယ်ဆိုရင်တော့ အဆင်ပြေတော့မှာ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ ဘဝတာမှာ Social Media (ဆိုရှယ်မီဒီယာ) ပေါ်မှာ တွေ့နေတဲ့ အရမ်းတော်တဲ့သူတွေကို ကြည့်ပြီး ကိုယ်နဲ့ယှဉ်လိုက်တော့ ကိုယ်က ဘာမှမဟုတ်သေးဘူး၊ ကိုယ်က မကြိုးစားဘူးလို့ ခဏခဏ တွေးမိကြပါတယ်။ ပြီးတော့ ကိုယ်က အဝေးကြီး နောက်ကျ ကျန်ရစ်နေပြီလို့လည်း တွေးမိ တတ်ကြပါတယ်။ တကယ်က ကျွန်မတို့ဟာ သူတို့ရဲ့ ထင်ပေါ်ကျော်ကြားမှုကိုသာ မြင်ကြပြီး နောက်ကွယ်က သူတို့ရဲ့ ဇာတ်ကြောင်းကိုတော့ မမြင်ကြပါဘူး။ ကျွန်မတို့အနေနဲ့ စစ်မှန်တဲ့ ပကတိ အမှန်တရားကို မမြင်ကြပါဘူး။

လွန်ခဲ့တဲ့ ငါးနှစ်လောက်က ကျွန်မ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို စလုပ်ခဲ့တုန်းကဆို တကယ်ကို အရဲစွန့်ပြီး လုပ်ခဲ့ရတာပေါ့။ ကျွန်မရတဲ့ လခက အရမ်းကောင်းနေချိန်ဆိုတော့ အလုပ်ထွက်လိုက်ပြီး ကိုယ်ပိုင်လုပ်ငန်းစလုပ်တာ တော်တော် မိုက်ရူးရဲဆန်တယ်ဆိုပြီး အားလုံးက ဝိုင်းပြောကြတယ်။ တကယ်ကို အရဲစွန့်ပြီး လုပ်ခဲ့ရတာပဲ .. ဘာလို့လဲဆိုတော့ ကျွန်မရဲ့ ကိုယ်ပိုင်လုပ်ငန်းက Corporate မှာ လုပ်တုန်းကလောက် ဝင်ငွေ ရပါ့မလားဆိုတာ မသေချာဘူးလေ။ ဘယ်လို အခြေအနေ ဖြစ်မလဲဆိုတာလည်း မသိဘူး။ ကျွန်မအနေနဲ့ အရဲမစွန့်ခဲ့သင့်ဘူးပေါ့။ ဒါပေမဲ့ ကျွန်မ သိနေခဲ့ပါတယ်။ ပိုပြီး ကြီးကျယ်တဲ့ အရာတစ်ခုခုကို လုပ်ဖြစ်မယ်ဆိုတာ ကျွန်မရဲ့ စိတ်နှလုံးထဲကနေ သိနေခဲ့ပါတယ်။

အဲလို အပြောင်းအလဲလုပ်ပြီးထဲက ကျွန်မရဲ့ ဘဝခရီးက ထူးခြားလာပါတယ်။ Psychotherapist (စိတ်ကုထုံးပညာရှင်) တစ်ယောက်ဖြစ်လာပြီးတော့ နည်းပြတစ်ယောက် ဖြစ်လာတယ်။ ကုထုံးအမျိုးမျိုးကို လေ့ကျင့်သင်ကြားပေးတယ်။ ကုမ္ပဏီတွေနဲ့ လူတစ်ဦးချင်းကိုလည်း လေ့ကျင့်သင်ကြားပေးတယ်။ နိုင်ငံတကာမှာ ဆွေးနွေးနှီးနှောပွဲတွေနဲ့ ပွဲတွေလုပ်တယ်။ Amazon (အမေဇုန်) တောနက်ကြီးထဲ သွားတယ်။ တကယ်ကို ထူးခြားတဲ့ ဘဝခရီးပါ။

ဒီလိုလုပ်ဖို့ ရွေးချယ်မိတာ မှားများမှားပြီလားဆိုပြီး စိုးရိမ်စိတ်နဲ့ လန့်နိုးတဲ့ ညတွေလည်း ရှိခဲ့ပါတယ်။ ကျွန်မ ပတ်ဝန်းကျင်က လူတချို့ကလည်း ဒီလိုအရဲစွန့်တာ မိုက်ရူးရဲဆန်တယ်၊ ကျွန်မ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူးဆိုပြီး လှောင်ပြောင်၊ ဝေဖန်ကြတာပေါ့။ ကျွန်မထက် အများကြီး အောင်မြင်နေတဲ့သူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်မိခဲ့တယ်။ ကိုယ်ဟာ ဘာမှ မဟုတ်သေးပါလားဆိုပြီး တွေးမိခဲ့တယ်။ သိမ်ငယ်စိတ်တွေ ဝင်ခဲ့တယ်။ ကျွန်မဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူးဆိုပြီး တွေးမိခဲ့တယ်။ တစ်နှစ်ကို လစာ ကိန်းဂဏန်းခြောက်လုံးလောက် ဝင်နေရာကနေ ဘာမှမရှိတော့ဘူး။ အိမ်ပိုင်ပေမဲ့ ခွေးလေးတစ်ကောင်၊ ခရီးဆောင်သေတ္တာနှစ်လုံးနဲ့ ဟိုဟိုဒီဒီသွားပြီး Ditital Nomad (ဒစ်ဂျစ်တယ်ကနေတစ်ဆင့် အလုပ်လုပ်တဲ့သူ) ဖြစ်လာတယ်။ ကျွန်မအနေနဲ့ အမြင့်မားဆုံးအချိန်၊ အနိမ့်ကျဆုံးအချိန်တွေ ကြုံခဲ့ဖူးပြီ။

လူတော်တော်များများထင်တာက လုပ်ငန်းတစ်ခု စလုပ်တဲ့အခါမှာ လိုအပ်တာက Strategy (ဗျူဟာ) လို့ ထင်တတ်ကြတယ်။ ဟုတ်ပါတယ်။ Strategy လိုတယ်။ Strategy က အရမ်းအရေးကြီးတယ်။ ဒါပေမဲ့ ကျွန်မတို့ တကယ်လိုအပ်တာက၊ ကျွန်မကို ဒီနေရာထိ ရောက်အောင် တွန်းပို့ပေးနိုင်တာက Strategy မဟုတ်ဘူး။ နောက်ကြောင်းပြန် သုံးသပ်ခြင်းပဲ။ စိတ်နေသဘောထားနဲ့ စိတ်ခံစားချက်တွေအပေါ် တုံ့ပြန်တဲ့ သဘောထားပဲ။ ကျွန်မတို့မှာ ကျွန်မတို့ရဲ့ စိတ်ဝိညာဉ်ထဲက နှိုးဆော်တဲ့ အသံလေးကို ကြားနိုင်တဲ့ စွမ်းရည်ရှိပါတယ်။ ကျွန်မရဲ့ ဘဝခရီးတစ်လျှောက် နောက်ကြောင်းပြန်သုံးသပ်ကြည့်တဲ့အခါမှာ အကြီးမားဆုံး အတားအဆီးကလည်း ကျွန်မ၊ အကြီးမားဆုံးတွန်းအားကလည်း ကျွန်မကိုယ်တိုင်ပါပဲ။ အဲအချိန်မှာ ကိုယ့်ရဲ့ နှလုံးသားကို နားထောင်ဖို့၊ ကိုယ့်ရဲ့ စိတ်ဝိညာဉ်ထဲက နှိုးဆော်တဲ့ အသံလေးကို နားထောင်ဖို့ တကယ့်ကို သဘောပေါက်သွားပါတယ်။ အဲအသံလေးတွေက သိမ်မွေ့လွန်းလို့ ဂရုတစိုက်နားမထောင်ရင် ကြားရမှာ မဟုတ်ပါဘူး။

ကိုယ်ဟာ အဲလိုအကူးအပြောင်းလုပ်နေတဲ့သူဆိုရင် ကြောက်စိတ်ကတော့ အမြဲပေါ်နေမှာပါပဲ။ သံသယတွေ အမြဲဝင်မှာပါပဲ။ အဲဒါက ကျွန်မတို့ လူသားတွေရဲ့ ပင်ကိုသဘာဝပဲလေ။ အဲဒါကို ဖယ်ရှားတာ၊ ကျော်လွှားတာမျိုး လုပ်နေစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ တိုးတက်ဖို့ တက်လှမ်းနေတဲ့ အဆင့်တစ်ဆင့်တိုင်းမှာ ကြောက်စိတ်နဲ့ သံသယတွေကတော့ ဝင်နေမှာပါပဲ။ အဲအဆင့်တွေကို တက်နေရင်းမှာပဲ “ငါတော်တယ်” ဒါမှမဟုတ် “ငါလုပ်နိုင်တယ်’ ဆိုတဲ့ အဆင့်တစ်ခုလည်း ရှိလာမှာပါ။ တကယ်ကို ရှိပါတယ်နော်။ ဒါကြောင့် အဲကြောက်စိတ်တွေ၊ သံသယတွေကို ဖယ်ရှား၊ ကျော်လွှားနေလည်း မထူးပါဘူး။

အဓိကက ကိုယ့်ရဲ့ ကြောက်စိတ်၊ သံသယနဲ့ အဖော်ပြုတတ်အောင် ဘယ်လိုပြောင်းလဲမလဲဆိုတာပါပဲ။ အရေးကြီးတာက ကိစ္စတွေ အားလုံးအပေါ် တွေးခေါ်တဲ့ ပုံစံကို ပြောင်းပြီး နောက်ထပ်ရှုထောင့်တစ်ခုကနေ ကြည့်ဖို့ပါပဲ။ ကျွန်မကျရှုံးခဲ့တဲ့ ကိစ္စတွေ အများကြီး ရှိပါတယ်။ အရှုံးပေးချင်တဲ့ အချိန်တွေ အများကြီးကိုလည်း ကျော်ဖြတ်ဖူးပါတယ်။ အရှုံးပေးချင်တယ်လို့ တွေးမိတိုင်း ကိုယ့်ကိုယ်ကိုယ် ဘာလို့လဲဆိုတဲ့ မေးခွန်းပြန်မေးပါတယ်။ ဘာလို့ ဒီလိုလုပ်ခဲ့တာလဲ။ ဘာလို့ ဒီလမ်းကြောင်းကို စခဲ့တာလဲ။

ကိုယ်က အဲလိုအကူးအပြောင်းလုပ်နေတဲ့သူဆိုရင်၊ ကိုယ့်ကိုယ်ကိုယ် သံသယဝင်နေတယ်ဆိုရင်၊ ကြောက်စိတ်ဝင်နေတယ်ဆိုရင်၊ ကိုယ့်ထက် ရှေ့ရောက်နေတဲ့သူတွေကို ကြည့်ပြီး ကိုယ်နဲ့ ယှဉ်မိနေတယ်ဆိုရင်၊ ကိုယ်က တော်ရောတော်ရဲ့လား ဒါမှမဟုတ် လုပ်နိုင်ပါ့မလားဆိုပြီး မေးခွန်းထုတ်နေမိတယ်ဆိုရင်…. ကျွန်မ ဖြေပေးပါမယ်။ လုပ်ကို လုပ်နိုင်ပါတယ်။

ဘာလို့လဲဆိုတော့ ကိုယ်သာ စည်းစနစ်ကျနေရင်၊ ဖြစ်မြောက်အောင် လုပ်ဆောင်ရင်၊ ဘာလို့ လုပ်တာလဲဆိုတဲ့ အကြောင်းရင်းကို သတိရတယ်ဆိုရင် နောက်တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်လောက်ကြာတဲ့အခါ အခုချိန် ကြောက်စိတ်တွေ၊ သံသယတွေ၊ သူများတကာ ဝေဖန်တာတွေ ကြားထဲကနေ အရာအားလုံးကို ကြိုးစားပြီး လုပ်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ကျေးဇူး ပြန်တင်နေလိမ့်မယ်။ ဘာလို့လဲဆိုတော့ နောက်ဆုံးမှာ ကိုယ့်မျှော်မှန်းချက်ကို အကောင်အထည်ဖော်တယ်ဆိုတာက လူတိုင်းက ကိုယ့်ကို ‘ဘယ်ဘက်လမ်းကိုရွေး’ ဆိုရင်တောင် ကိုယ်က ညာဘက်သွားရတာမျိုးပါ။ ကိုယ့်မျှော်မှန်းချက်ကို အကောင်အထည်ဖော်တယ်ဆိုတာက ကြောက်နေတဲ့ ကြားထဲကနေပဲ လုပ်ရဲတဲ့ သတ္တိရှိတာမျိုး၊ သက်တောင့်သက်သာ မဖြစ်ရင်တောင် ကိုယ့်ရဲ့အရာအားလုံးကို လုံးဝ လက်ခံယုံကြည်တာမျိုး၊ ဘဝခရီးသစ်တစ်ခု စွန့်စွန့်စားစား သွားမယ်ဆိုပြီး ကိုယ့်အသိုင်းအဝိုင်းကနေ ခဏစွန့်ခွာရဲတဲ့သတ္တိရှိတာမျိုး၊ ပြီးတော့ အဲလို စွန့်စွန့်စားစား သွားပြီး ပြန်လာချိန်မှာ ခရီးစဉ်တစ်လျှောက်ကြုံခဲ့ရတာတွေကို ဘယ်လို ကျော်လွှားခဲ့လဲဆိုတာ ပြန်ပြီးပြောပြနိုင်တာမျိုးပေါ့။

ကျွန်မတို့အနေနဲ့ ဒီမျက်နှာဖုံးတွေအားလုံးကို ချွတ်ပစ်ဖို့လိုတယ်၊ ပြီးတော့ ကိုယ့်ရဲ့ တကယ့်အစစ်အမှန်နဲ့ နေထိုင်ဖို့ လိုပါတယ်။ ကျွန်မအနေနဲ့ မိုက်ရူးရဲအဆန်တကာ့အဆန်ဆုံးသူတွေကို တွေ့ဖူးပါတယ်။ သူတို့ဟာ တကယ်ကို ထူးခြားအံ့ဩဖို့ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က သူတို့ရဲ့ မိုက်ရူးရဲဆန်မှုကို လက်ခံကြလို့ပါ။ တကယ့်ကို လေးနက်တဲ့သူတွေကိုလည်း တွေ့ဖူးတယ်။ သူတို့ကလည်း တကယ့်ကို ထူးခြားအံ့ဩဖွယ် ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က သူတို့ရဲ့ လေးနက်မှုကို လက်ခံလို့ပါ။ သူတို့အံ့ဩဖွယ်ကောင်းတယ် ဆိုတာက သူတို့ရဲ့ အစစ်အမှန်ကို လက်ခံကြလို့ပါပဲ။ ဒါကြောင့် ကိုယ်က ထူးဆန်းတယ်၊ ပုံမှန်မဟုတ်ဘူး ဒါမှမဟုတ် အခြားသူတွေမှာ ရှိမနေတဲ့အရာတွေ ကိုယ့်မှာ ရှိနေတယ်ဆိုလည်း ကိစ္စမရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ် သူများလောက် မတော်ဘူးလို့ ခံစားရရင် လက်ခံလိုက်ပါ။ လက်ခံခြင်းဟာ ပထမဦးဆုံး အဆင့်ပါ။ အခုချိန်မှာ ကိုယ်က သူများလောက် မတော်ဘူးလို့ ထင်နေတယ်ဆိုရင်တောင် လက်ခံလိုက်ပါ။ တကယ်လက်ခံလိုက်နိုင်တဲ့ အချိန်ရောက်ရင် “ငါက သူများလောက် မတော်ဘူး ဒါပေမဲ့ ငါက အဲအချက်ကို လက်ခံလိုက်တာကြောင့် တိုးတက်လာမှာပဲ။ ငါ့ဘဝကို ချဲ့ထွင်နိုင်အောင် လုပ်ကိုလုပ်မယ်၊ တိုးတက်အောင် လုပ်ကိုလုပ်မယ်၊ ပြီးတော့ ကိုယ့်အစစ်အမှန်တိုင်း နေနိုင်တဲ့ အလုပ်ကို လုပ်ကိုလုပ်မယ်” လို့ ပြောပါ။

အဲလိုလုပ်တဲ့အခါမှာ ကျွန်မတို့ စကားကို တည်တည်ကြည်ကြည်ပြောတတ်လာတယ်။ ကျွန်မအတွက်တော့ တည်ကြည်တယ်ဆိုတာ ကိုယ်ကနေပဲ စတာပဲ။ တည်ကြည်တယ်ဆိုတာက ကိုယ့်သရုပ်မှန်အတိုင်း နေထိုင်ပြီး ကိုယ်ပြောတဲ့စကားအတိုင်း လျှောက်လှမ်းတာပဲ။ ကိုယ့်သရုပ်မှန်အတိုင်းနေ၊ အစစ်အမှန်အတိုင်းနေ၊ ကိုယ့်ပုံစံအတိုင်းပဲနေဆိုတဲ့ စကားမျိုးတွေ ကြားဖူးပေမဲ့ ဘယ်ကနေ စရမလဲမသိဘူး ဖြစ်နေတယ်ဆိုရင်… ကိုယ့်ရဲ့ ပုံမှန်မဟုတ်မှုကို လက်ခံလိုက်ပါ။ ကိုယ်ရဲ့ ထူးဆန်းမှုကို လက်ခံလိုက်ပါ။ ကိုယ့်ရဲ့ အားနည်းချက်တွေကို လက်ခံလိုက်ပါ။ ဘာလို့လဲဆိုတော့ အဲဒီမပြည့်စုံမှုတွေကပဲ ကိုယ့်ကို ပြည့်စုံလာအောင် လုပ်ပေးနိုင်တဲ့ အရာတွေမို့လို့ပါ။ အဲဒါတွေက ကိုယ့်ကို တစ်မူထူးအောင် လုပ်ပေးနိုင်တဲ့၊ တခြားသူတွေနဲ့ မတူအောင် လုပ်ပေးတဲ့ အရာတွေပါ။ ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံစိုက်ပါ။ ဘာလို့လဲဆိုတော့ ကိုယ်ကိုယ်တိုင်က ကိုယ့်ဆီလာမယ့် အရာတွေကို ဆွဲငင်မယ့် သံလိုက်တစ်ခုမို့လို့ပါပဲ။

ကျွန်မတို့အားလုံးမှာ Strategies အများကြီး ရှိနေပေမဲ့ အတားအဆီးတွေ ရှိနေရင်၊ မယုံကြည်ဘူးဆိုရင်၊ လက်တွေ့အသုံးမချဘူးဆိုရင်၊ ကျွန်မတို့ကိုယ်တိုင်ကိုက အတားအဆီးဖြစ်နေရင် အဲဒီ Strategies တွေက အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ နေ့စဉ်ဘဝကို Ceremony အနေနဲ့ အသုံးချပါ။ ကိုယ့်နေ့စဉ်ဘဝကို Personal Development Seminar လို အသုံးချပါ။

တစ်ခါတလေမှာ ကိုယ့်ဘဝမှာ ကြုံရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုတွေက နောက်ကြုံလာမယ့် ကိစ္စတွေအတွက် ပြင်ဆင်ဖို့ အကောင်းဆုံး လက်ဆောင်တွေပါပဲ။ တိုးတက်ဖို့ နောက်အဆင့်တွေကို တက်လှမ်းတဲ့ အခါတိုင်းမှာ စိတ်နေသဘောထား၊ စိတ်ခံစားမှုတွေအပေါ် တုံ့ပြန်တဲ့ သဘောထား၊ စိတ်ဝိညာဉ်နဲ့ဆက်စပ်တဲ့ ခံယူချက်တွေကလည်း နောက်တစ်ဆင့် တိုးတက်လာဖို့ လိုပါတယ်။ ဘယ်သူမှ ကြည့်မနေတဲ့ အချိန်မှာ ကိုယ့်ဘဝရဲ့ ဘယ်ကဏ္ဍမှာပဲဖြစ်ဖြစ် ဘယ်လိုပြုမူနေလဲဆိုတာ ကြည့်ကြည့်ပါ။

စပြီး ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ကြည့်ပါ။ သေးသေးဖွဲဖွဲလေးတွေ ပြောင်းလဲကြည့်ပါ။ အဲလို စပြီး ပြောင်းလဲတဲ့အခါ သေးသေးလေးတွေ ပြောင်းလဲရင်းကနေပဲ ကြီးကြီးမားမား အပြောင်းအလဲတွေ ဖြစ်လာမှာပါ။ ကိုယ့်ဘဝရဲ့ အခြားကဏ္ဍတွေမှာလည်း ပြောင်းလဲလာတာလေးတွေ တွေ့ရပါလိမ့်မယ်။ ပြီးတော့ ကိုယ့်ရဲ့ အားနည်းချက်တွေ၊ မပြည့်စုံမှုတွေကို တကယ်လက်ခံလာအောင် ကိုယ့်ကိုယ်ကိုယ် ဘယ်လို ခွင့်ပြုပေးရမလဲဆိုတာလည်း ဖြည်းဖြည်းချင်း သိလာပါလိမ့်မယ်။  ကျွန်မကတော့ အဲဒါကို “ပြည့်စုံတဲ့ မပြည့်စုံမှု” လို့ ခေါ်ပါတယ်။ ကိုယ်မသိလိုက်ခင်မှာပဲ ကမ္ဘာကြီးမှာ ကိုယ်မြင်ချင်တဲ့ အပြောင်းအလဲတွေကို ပြောင်းလဲတဲ့သူက ကိုယ်ဖြစ်နေတာ၊ ကိုယ်ဟာ အားကျ အတုယူဖွယ်ကောင်းသူ တစ်ယောက်၊ ပြယုဂ်တစ်ခု ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ ပြီးတော့ အဲအချိန်ဟာ ကိုယ်က သူများအပေါ် တကယ်အကျိုးကျေးဇူး စပြုလာနိုင်တဲ့ အချိန်လည်း ဖြစ်ပါတယ်။

ဘာမှပြောနေဖို့ မလိုပါဘူး။ ဘာမှလုပ်နေဖို့ မလိုပါဘူး။ အဲလို မျက်နှာဖုံးတွေ ဝတ်ထားဖို့ မလိုပါဘူး။ ကိုယ့်အစစ်အမှန်တိုင်း နေဖို့ပဲ လိုပါတယ်။ ဘာလို့လဲဆိုတော့ အဲအချိန်က ဘာမှ ပြောမနေတော့တဲ့ အချိန်ပဲ။ အဲအချိန်က ကိုယ်ဘယ်လို မျက်နှာဖုံးတပ်ထားလဲဆိုတာ ကိစ္စမရှိတော့တဲ့အချိန်ပဲ။ အဲအချိန်က ကိုယ့်ရဲ့ စွမ်းအင်က စကားပြောတဲ့ အချိန်ပဲ။ ကိုယ့်ရဲ့ တုံ့ပြန်နိုင်စွမ်းက စကားပြောတဲ့ အချိန်ပဲ။ ပြီးတော့ အဲအချိန်က ဆွဲငင်အား အစစ်အမှန်၊ ညှို့ငင်အား အစစ်အမှန်၊ သရုပ်မှန်၊ မျှော်မှန်းချက်အစစ်အမှန်တွေ ပေါ်ထွက်လာတဲ့ အချိန်ပါပဲ။

XO,

Arabelle